Friday, 27 August 2010

စံပယ်နိုးသော အတိတ်



ကျောင်းဖွင့်ကာစ
သမီးမြကျေး ၊ သူငယ်ချင်းပေးသည့်
ဖွေးနုရွရွ ၊ စံပယ်လှပွင့်
မြပွင့်ကြယ်ပွင့် ၊ ငွေပွင့်နှင်းဖြူး
သင်းမူးယစ်ဝေ့ ၊ ဧည့်ခန်းကွေ့မှာ
"မေမေ့ ... မေမေ့" ၊ ခေါ်၍ဝင်လာ
ရင်မှာပိုက်ပွေ့ ၊ ဆွေ့ဆွေ့ခုန်မြူး
ပျော်ကြူးမဆုံး ၊ ပြုံးလှစ်ဟဟ
သီချင်းစနှင့် ၊ ချိုမြနှုတ်ခမ်း
စံပယ်ပန်းနှင့် အပြိုင် ။

" စံပယ်ပွင့်တစ်ရာ
နှစ်ရာ သုံးရာ ၊ မကပါဘူး
မိုးရာသီ ဦး ၊ စံပယ်ဦးရှင့်
ဦးဦးဖျားဖျား ၊ ခူးဆွတ်အားခဲ "
စကားတီတာ ၊ ချစ်စရာနှင့်
လဲ့ပြာဖိတ်ရွှန်း ၊ ငွေလင်ပန်း၌
ကြဲဖျန်းပုံဆင့် ၊ စံပယ်ပွင့်များ
လက်နှင့်ထိခက် ၊ မကိုင်ရက်ပြန်
မျက်စိအတူ ၊ ချစ်ကြည်ဖြူသော
ဖေတူသမီး
အပျော်ကြီး ပျော်နေသည် ။

စံပယ်ဖြူများ
သဲ့ယူနမ်းရှိုက် ၊ သမီးလှိုက်လှဲ
ရယ်ပွဲဖွဲ့ ရွှင် ၊ ကလေးသွင်တည့် ။

ရင်ခုန်ထိတ်ထိတ် ၊ အတိတ်ဝေးဝေး
ငယ်ရွယ်သေးက
ပြစ်မှေးမထင် ၊ ဖြူစင်ဆဲကို
ခွဲခွာရသူ ၊ ချစ်ဦးသူဟု
ပူပြင်းနေခြည် ၊ ထိမိသည်ကို
ပြန်လည်စိုးရွံ့ ၊ မတွေးဝံ့ဆဲ
ပျံ့ မူးစံပယ် ၊ သမီးငယ်မူ
ပြုံးရယ်တည့်တည့် ၊ လှမ်းကာကြည့်ပြီး
မသိပျော်မြူးဆဲပင် ။ ။

(ကြည်အေး)
( ရှုမဝ ၊ ၁၉၇၁ ၊ သြဂုတ်)

No comments:

Post a Comment