Friday 27 August 2010

အို လွမ်းသူရယ်





အို လွမ်းသူရယ်
ပြုံးမူပျက်၍ ၊ မျက်ရည်ဝေ့နှင့်
မေ့လျော့သနှင့် ၊ စိတ်လုံးလွင့်သည်
ကြွေရင့်မည်နှယ် ၊ တအားငယ်သည်
ဘယ်သခင့်တွက် ဖြစ်သနည်း ။

ပြတင်းဝဝယ်
ငြိမ်လှလွန်းသည် ၊ ကျောက်ရုပ်တည်သို့
မှုန်ရည်နွမ်းအောင် ၊ စိတ်ယမ်းယောင်နှင့်
ကြောင်၍ရပ်နေပါတကား ။

ရင်မှပွင့်သည်
ကြောက်ချင့်စဖွယ် သက်ပြင်းများ ။

လေဝယ်လွင့်သည်
ညိုရင့်ဆံပင် ရွှေမြှင်လှိုင်း ။

သည်နှစ်ခုသာ
လွမ်းသူ့ပတ်လည် ၊ လှုပ်ရှားသည်တည့် ။

အို လွမ်းသူရယ်
ပူသည်ကိုဖျောက် ၊ ကြောက်သည်ကိုပယ်
စိတ်ဝယ်မလျော့ စောင့်ဦးတော့လော့ ။

တစ်နေ့နေ့မှာ
တွေ့မည်ရွှင်ချို ၊ သခင်ကိုတည့်
မေ့ကိုမုန်းထား ၊ အဝေးသွားလည်း
လွင့်ပါးမရှည် ၊ ပြန်ခဲ့သည်က
စောင့်သည်တွေ့မူ ၊ ချစ်စိတ်ဆူနှင့်
လွမ်းသူရှေ့ မှောက် ၊ သူဒူးထောက်လိမ့် ။

သည်အခါမှာ
ကြာနှုတ်အပြုံး ၊ ဖြူနှလုံးနှင့်
မရုန်းမပယ် ၊ ငိုတရယ်လျှင်
စင်ကြယ်ခွင့်လွှတ် ၊ ချစ်သက်မှတ်ကို
ကြည်ညွတ်ချပန် ၊ သခင်ပန်က
ပြန်လည်လိုလိုက် ၊ ချစ်သူမိုက်ကို
ထွေးပိုက်ပါယူ ၊ အိုလွမ်းသူရယ် .... ။ ။


(ကြည်အေး)
တာရာမဂ္ဂဇင်း ၊ အတွဲ ၂ ၊ အမှတ် ၆ ၊ ၁၉၄၈

No comments:

Post a Comment