Thursday, 26 August 2010

မိုးတိမ်ကိုမှာ


တစ်ကိုယ်ငေးမိရဲ့
အတွေးဟိုသည်ခုန်လို့
နွေအကုန် ကဆုန်ကူးရင်ဖြင့်
ရူး မိမိ ဘ၀င်မှာ။

အို နီလာလို ကြည်ပြာခိုးမှာ
တိမ်ခိုးတွေညှိ့
စိမ့်သည်းလှိုက်ဖို အလိုလို
စာဆို မျက်ရည်စို့မိပေါ့
တစ်မြို့နေ တစ်မြေဖွားပေမို့
ပြစ်မယူ ချစ်သူသွားပေအုံ့
သနားကြင်နာပိုနဲ့
စကားထင်ရာဆိုမိတော့
သည်မယ်လို တငိုတမ်းရယ်နဲ့
သူလည်လေ ပူဝေနွမ်းပေလိမ့်မယ်
မောင့်ဌာနီ မြောက်ဆီလွမ်းပါက
လှမ်း မျှော်မိပါ ။

ကြာကြာလေ အနေဝေးသော်လည်း
အတွေးချင်း ဖြင့်နှစ်ကိုယ်ဆုံ
ချိုမြအပြုံး ကြင်မဆုံးသူမို့
စိတ်လုံးမယ်သာပုံခဲ့
ယုံသူကို ဆုံတူတွေ့ချင်လို့
တိမ်ပွေပွေ လေအဝေ့မှာ
မြောက်မြေဆီ အောက်ခြေ ရွှေ့ပြန်တော့
သည်မေ့သခင်ကိုဖြင့်
တမြင်မြင် မြင်ယောင်မှန်းနေလို့
ခင်းသာရင်ရွာစဉ်တန်းကိုဖြင့်
လှမ်းလိုက်ပါ တိမ်ပြာရယ်လို့
အမှာ လက်ဆောင်ပါး ။

မယ့်ကိုယ်စားသွားရှာတဲ့ တိမ်ညို
မြောက်ဆီကို ပြိုပေါ့
စိုစိုရွှဲရွှဲ မိုးပေါက်တွေကြဲလိမ့်
တသဲသဲလေ ညိုမည်းပေါ့ဝေဟင်လုံး
မိုးဟန်ပြင်ဆုံးနိုင်ဘု
ပြုံးမိနေစဉ်
အိပ်မက် တယဉ်ယဉ်ပေါ့
သည်ဗွေမှာ ထွေရာတွေးပါမိ
မေးရှာလိမ့် သူလည်းလေ
"မိုးဆွေ ရယ် ညှို့နေလျရာက
လွမ်းမောင်ကို ပန်းအောင်တလေသလား " လို့
တိမ်မြပြာ မိလ္လာနှောရယ်က
စကားလွှာ မှာကြားတဲ့သဘောကို
ပြောနိုင်ပါ့မလား ။ ။

(ကြည်အေး)
( တာရာမဂ္ဂဇင်း ၊ အတွဲ ၂ ၊ အမှတ် ၄ )

No comments:

Post a Comment