Friday, 27 August 2010

ကျန်ရစ်သူအတွေး


သူသွားတော့မည်
ပွေ့ချော့ထွေးလည်း ၊ ဝမ်းနည်းရုံမျှ
မှုန်ဝါးမျက်နှာ ၊ မျက်ရည်ကာဆီး
ပြန်လာပါဦး ၊ ခွဲချင်ဘူးကွယ်
မူးယစ်ဝေည ၊ မွှေးထုံသဆဲ
ခဏတွေ့မော ၊ ရင်ခုန်ရောယှက်
ပြောချင်စကား ၊ မေးခွန်းများစွာ
မေ့ကာထားပြီး ၊ ပြန်ချိန်နီးမှ
ငိုညည်းတစ်ဝက် ၊ မမှီလက်ကမ်း
နှုတ်ဆက်ဝိုးဝါး ၊ ပြေးထွက်သွားမှ
တံခါးရပ်မှီ ငေးခဲ့ပြီ ။

သူချန်ရစ်သော
မူးယစ်ဝေည ၊ မွှေးထုံမြခဲ့
အလှမပီ ၊ နွမ်းလျသီသော
နှင်းဆီဝါဝါ ၊ ငုံပြေအာစ
ရင်မှာချွေးလွင့် ၊ ပွင့်ဖတ်နုကို
ယုယခုပင် ၊ စုဆောင်းကောက်ယူ
နမ်းရှိုက်ရှူမွှေး ၊ သူလာခဲ့သော
လွမ်းပုံပြောသည် ၊ စိတ်မောသက်သေ ။

သူ့စကားမူ
ချော့ဖြားပလီ ၊ သီရီတတ်သော
နတ်မိနွယ်လို ၊ ပိုမိုဟုတ်ဘူး
မေ့မူးရစ်ဝေ့
သူ့ကိုယ်ငွေ့မွှေး ၊ နွေးပူတတ်သည်
မျက်ရည်ပုလဲ ၊ သည်းဖိုငိုသည်
ညိုမှောင်ဝင်းလျှပ် ၊ မျက်တောင်ခတ်သည်
ရှတိုက်ရွေ့လျား ၊ တိမ်လွင့်ပါးသို့
ပြန်သွားတတ်သူသာတကား ။ ။

( ကြည်အေး )
ရှုမဝမဂ္ဂဇင်း ၊ ဧပြီ ၊ ၁၉၇၂ ၊ စာ -၁။

တစ္ဆေ

'တစ္ဆေ' ကဗျာမူရင်း (တာရာမဂ္ဂဇင်း အတွဲ ၃ ၊ အမှတ် ၂၀ ၊ ၁၉၄၉)

အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွေ့ရာတွေလဲ၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
ခိုတွယ်စရာ၊ အတည်မကျ။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား၊ ကြယ်လေးငါးပွင့်
စကားပင်အို၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ်၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ၊ မြက်ချုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း
ဖြည်းနင်းရှပ်ရှပ်၊ မတ်တပ်ထလိုက်
ခန်းဝကိုလာ၊ ဝရန်တာမှာ
သည်မှာတစ်ယောက်၊ တစ္ဆေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့်၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ
တဆင်တည်းပဲ သူနှင့်ငါ။

မြစ်နက်ထဲမှာ
ငါ-ရေနစ်မြှုပ်၊ ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား၊ ငါနေနားလိုက်
ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်
တစ်ယောက်သောငါ၊ ငါများစွာမှ
ထလာလွင့်ပါး၊ မောင့်အနားကို
စကားထွေရာ၊ ငိုသံပါနှင့်
ဘာမှမကြား၊ မောင့်အနားမှာ
"ထသွားစို့ဆို၊ မေ့ကိုအိပ်မက်
မမက်ဘူးလား"၊ တစ္ဆေဖြားယောင်း
မှုန်မွှားစိတ်ဝယ်၊ အရိပ်ထင်။ ။

ကြည်အေး
(တာရာမဂ္ဂဇင်း ၊ အတွဲ ၃ ၊ အမှတ် ၂ဝ ၊ ၁၉၄၇)

မြို့လယ်လမ်း





တစ်နွေပူဆဲ
လူထူထပ်သော၊ကွန်ကရစ်တောဟု
စေးချောမြို့လမ်း၊သစ်ရိပ်နွမ်းလျ
စီတန်းရုပ်ရှင်၊ဆူညံယာဉ်ပြေး
ဆင်ဝင်ရှေ့ပေါက်၊တွန့်ကောက်မြွေပတ်
လက်မှတ်တိုးရောင်း၊ပေါင်မုန့်တောင်းကြ
သောင်းပြောင်းရုတ်ရုတ်၊စိတ်ရှုပ်ဒေါသ
ထိုးကြ ကြိတ်ကြ၊ရဲသားစောင့်ရသည်။

တရုန်းရုန်းပင်
ပခုံးထမ်းဟန်၊လက်တွန်းလှည်းတို့
မုန့်ပဲသရေစာ၊ခေါ်အော်ဆူပူ
စားပါ ၀ယ်ပါ၊သည်ကိုလာနော်
လက်မှာလင်ပန်း၊အင်္ကျီနွမ်းနှင့်
မရမ်းချဉ်စပ်၊ဆီးထုပ်ထပ်၍
ကွန်းရှပ်ငါးမုန့်၊ချိုမြုံ့သကြား
ဆားပဲလှော်ရွ၊လစက္ကူကြည်
ဖျော်ရည်သီးချဉ်၊ခွက်ချင်ရောင်းဆဲ
မွန်းလွဲထိန်ညီး၊ချွေးဒီးဒီးယို
မီးလိုဝမ်းစာ၊အေးချင်ရှာကြ။

ဘတ်စ်မှတ်တိုင်၌
ညောင်းထိုင်ခဲ့ပြီ၊လူစည်ကားလှ
ကားတစ်ခြမ်းစောင်း
တွဲလောင်းစီးလာ၊ငါးသေတ္တာသို့
လူတစ်ရာမက၊မတ်တပ်ထလိုက်
ကတ်ကြေးကိုက်နှင့်၊ခါးပိုက်နှိုက်မှ
ခုန်ချလှမ်းတက်၊လုယက်အားခဲ
သွားမြဲခရီး၊နေ့တိုင်းစီးလည်း
မညည်းညူသာ။

သူတောင်းစားမူ
ငါးပြားဆယ်ပြား၊ပေးပါလားရှင်
သနားကယ်ပါ၊စွန့်ကြဲမှာလား
ဆာလောင်ထမင်း၊မျှော်ငေးရင်းက
ရိုးကြွင်းဟင်းကျန်၊တောင်းမြည်ကြံစည်
တေးသီဆိုပြန်၊နူဝဲပြစား
ဘိုးဘွားခါးကျိုး၊ဆိုးမျက်ကန်းရွဲ့
လက်တန်းရွတ်သူ၊ဆုပေးသူတို့
ပေးလှူမလောက်၊ရောက်လာကြမြဲ။

တိုက်နံဘေး၌
အုတ်ဆွေးရေစိမ့်၊မြေအက်နိမ့်စောင်း
ရေပုပ်မြောင်းဟောင်း
ယင်တလောင်းလောင်း
လဲလျောင်းမိန်းမော၊သေငယ်မြောသူ
ရောဂါကပ်မြှေး၊ဆေးနှင့်ဝေးစွ
လမ်းဘေးမှာပျောက်၊အလောင်းကောက်မှ
ရောက်ခဲ့ဆေးရုံ၊ရင်ခွဲရုံသို့
စုန်ဆန်တွင်းပြင်၊ကြောသေးမျှင်တို့
နေ့စဉ်ခွဲစိတ်၊ဆေးကျောင်းသိပ္ပံ
အဖိုးတန်ခဲ့။

ထိုခဏ၌

လှပဖိတ်လက်၊မှနပြိုးပြက်နှင့်
ကားထက်ပြေးဝင်၊စက်အေးချင်ထင့်
ပေါင်ပင်ချုံကြား၊နတ်မယ်ဖွားသို့
သွေးသားရောင်းသူ၊ပြုံးညှို့မြူနှင့်
လူစုံသည့်ဘား၊စပျစ်ခါးကျွန်းမှ
ပန်နုနှုတ်လွှာ၊မျက်ရစ်ပြာနှင့်
ကျဖြာမြိတ်ထုံး၊မြညိုကုံးနှင့်
သလုံးဖြူနု၊ထဘီတိုနှင့်
ကိုယ်ဟန်ကြော့ရွှင်၊ရင်ချီချီနှင့်
ပစ်မှီထိုင်ခုံ၊အိညံ့တုန်မှ
သက်လုံးနွဲ့ နွဲ့ ၊မောပြေခဲ့ဟန်
ခေတ်ရဲ့ ပန်းချီရေးခဲ့သည်။


ကြည်အေး
(ရှုမဝမဂ္ဂဇင်း ၊ ၁၉၅၇ ဇွန် )

ကလေးတို့မိုး


မိုးပုလဲ မိုးပုလဲ
ဓါတ်ကြိုးတန်းမှာ တွဲလဲ
မြရွက်ချွန်းမှာ ခိုဆွဲ
ဇာချဲ့ ပြာလဲ့
နွဲ့တဲ့ မိုးပုလဲ။

မိုးပုလဲလုံး မပီ့တပီ
အပ်နဲ့ပိုးချည် ထိုးကောက်သီ
တစ်လုံးစီ နှစ်လုံးစီ
ရွေးကြစို့ ကိုကို ညီညီ
ပါးအို့နီနီ ညီမပူတူး
လှတဲ့ ၀တဲ့
ကတဲ့ မပူတူး
လည်တိုင်ဆင်လို့ ရပါဘူး။

မိုးပုလဲ မိုးပုလဲ
အိမ်ရှေ့ လမ်းထဲ ဖြန့်ဖြာကြဲ
မြကျောက်မျက်ရွဲ ပန်းသလဲ
တစ်ခဲ နှစ်ခဲ
သုံးလေးငါးခဲ
မိုးသီး မိုးတွဲ စားမြုံချင်
လက်ဝါးဖောင်းမို့ ဖြန့်လို့တင်
ငါးပြားတန်ထင် ဆယ်ပြားတန်ထင်
မချိုမချဉ်
အင့်ဟင် အကြင်သကြားလုံး
ဘယ်မှာ ၀ါးလို့စားလို့ ရသည်တုန်း။

မိုးပုလဲ မိုးပုလဲ
ဖွဲရာမှသည်း
သည်းရာမှမည်း
ပြတင်းပေါက်မှ သွန်းချဆဲ
ပင်လယ်ဆီလည်း လှိုင်းထန်မြဲ
ခြေလှမ်းကျဲနဲ့ ကဲဝင်လာ
စစ်သားခြေထောက်တောင့်ပမာ
ရာထောင်သိန်းသန်း ရွာဖြန်းဖြန်း
တပ်မကြီးနဲ့ ချီလာစမ်းကွ
အမေ့ထီးတခြမ်း ဆီးလို့ကာ
ပုသိမ်ထီးပျက်မလုံရက်ပါ
ဝရန်တာမှာ အတော်လာတဲ့မိုး
ဂျိုးဂျိုးဂျိမ့်ဂျိမ့် သိမ့်တဲ့မိုး
အင်္ကျီချွတ်ပြီး ရေထွက်ချိုးစို့
ကိုအေး ၊ ကိုထွေး ၊ ပူတူး ၊ ကိုတိုး ။ ။

ကြည်အေး
( ရှုမဝမဂ္ဂဇင်း နိုဝင်ဘာ ၊ ၁၉၆၉ )

ပြုံးမျက်ရည်ဖြိုင်အေး



အစဉ်မောပါရ
မကြင်တဲ့သဘောတွေတော့
ပြောမနေနိုင်ပြီမို့
စိတ်ကူးသာအယဉ်ထိုင်မိရဲ့
သံယောဇဉ် သူသူ ငါငါမခိုင်ပြန်တော့
နားနေထိုင်မှိုင်ခဏ
ပန်းလျလေ့ရှိခဲ့တယ်။

ယုံပါရစေရှင့်
လှုံစရာအချစ်ဆိုသည် သည်တစ်လမ်းသာမို့
ညီအကို မသိမှန်းသာတဲ့
ဆည်းပြာမင်ရည်ချမ်းမှာလ
လေမုန်ဆင် သီရမ်းစေဦး
စမ်းလက်ဆန့် တွယ် ။

မိုးတစ်ခါတစ်ခါလင်းပြန်လို့
နိုးလာလာချင်းမှာတော့
ပျင်းတတ်တာ တဒင်္ဂပါပဲ
ဘ၀ကာရန်ရှာမလို့
အလှကဗျာအသာချစ်ရင်တော့
အားသစ်လို့ စိတ်လယ်
ရယ်ချင်သလိုလိုလေး။ ။

စက်ဝန်းရွှေဝါ
ရက်ကန်းချည်ယှက်ဖြာမှ
မိုးပြာသာတဲ့တောဆီက
ဥသြတစ်နွေကျော်လို့
ဖေဇော်ဟန် ကတ္တီပါလွနဲ့
ရာသီလွန်မှုန်ခြယ်သသည်မို့
စိန်ပန်းအခွေခွေ ကရာက
စီးထွေထွေ အပြီးကြွေကျချိန်မှ
နှုတ်စကြည်ဖြူနဲ့
စောင့်သသူ နွဲ့ ပခုံးမှာရှင့်
(စွန့် ၀ံ့ ရင် ဘယ်မှာရှုံးနိုင်လဲ့ သံသရာညည်းညူလို့ မဆုံးစေနဲ့ )
အုံးစက်နိုင်သေးပေလို့
ပြုံးမျက်ရည်ဖြိုင်အေး ။ ။

ကြည်အေး
( ရှုမဝမဂ္ဂဇင်း ၊ နိုဝင်ဘာ ၊ ၁၉၅၅ )

ချစ်သူလိုက်မယ်လား



နှင်းဆီပြာပေါ်သည့်နှစ်မှာလ
နေရစ်ကွယ် ဘယ်သူတားနဲ့တော့
စွန့်စားတယ် ဆိုချင်ဆို
ဖိုဝင်မီ ဇော်ဂျီတို့ကျွန်းလိုပ
ခိုချင်ပြီ ပျော်မည်ထင်တဲ့ကျွန်းဆီသို့
အိမ်တန်းဝင်ချင်ရှာတဲ့
ခြေကျရာ ပျော်သည့်ကြက်လိုပ
အပြီးအခွါ ခက်တာမို့
ခရီးတစ်ခါထွက်မယ်ပြင်။

တောင်ဖြူတန်း
မြူသမ်းရီဝေတဲ့
တောအခြေ မြေတစ်ကွက်
ထင်းရှူးပင် ရင်ပေါင်ယှက်ပါလို့
နေခြည်မှာ သစ်ရည်တက်ချိန်ု၌
ငှက်ဖော်ကွဲဆွေကြင်ခေါ်သတဲ့
မှည့်ပျော်ချုံနွယ်သီး
ချောင်းဆုံမှာ ဗုံငယ်တီးသလိုပ
ရေပလုံ ခုန်ပျံစီးရှာတဲ့
ရွက်နွမ်းကြွေ ရေစပ်အနီးမှာ
ကျူဝါးအိမ်ငယ် မှီးတော့မယ်
ဆီမီးခွက်ဆင်။

ချစ်သူလိုက်မယ်လား
အကြိုက်စံပယ်ရုံ၌
တစ်နေကုန် တုံ့လှယ်စကားတွေနဲ့
အနားမခွါချင်ဘု
မြေလွင်ပြင် ခြေကျင်လျှောက်ကာဖြင့်
ရေညှိမှုန် ဆူးချုံ နှောက်သော်လည်း
လာလမ်း ဘယ်မပျောက်ပါဘု
ဆည်းဆာချိန် အိမ်ပြန်ရောက်မှာပ
ဖျောက်ဆိပ်ကြဲ ဖဲပိုးမိုးပြင်
အိပ်ရာဝင် ပွေ့ထွေး
တစ်လေ တစ်ခါတစ်ရံ
မြ၀န်းငွေခြည်လျှံမှ
ပုရစ်ညံ ရင်ကွဲတို့
မစဲအောင် နွေကြိုယူတော့
ရင်တွင်း ဆူပူလိမ့်
ကျန်ရစ်သူဆွေငယ်ချင်းတို့
စကားတင်း ဆိုလေပြီထင့်
သူတို့ဆီ သာကြည်အေးပါစ
ခြားပင်လယ် ဘယ်လိုဝေးပေမယ့်
မလာချင်ရင် တကယ်ဝေးပေမယ့်
လာချင်ရင် အလွယ်ကလေး
ခရီးနာရီ နှစ်ဆယ့်လေးသာပဲ
ကံဖန်ရင် ပြန်လည်ပြေးချင်လိမ့်မယ်
မျက်ရည်ပါးပြင်နွေးရင်တော့
ချစ်သူကို ပြစ်မယူကြေးပါရှင့်
စိတ်တည်ငြိမ် သိမ်မွေ့အေးသူက
နှုတ်ခမ်းလွှာ နမ်းတစ်ရာမွှေးရယ်နဲ့
ချော့တော့ကွယ်လေး။ ။


(ကြည်အေး)
ရှုမ၀၊ စက်တင်ဘာ၊ ၁၉၇၂

သမီးအလိမ္မာ




မမွှေးထုံ ၊ မမွှေးထုံ
ပါးကွက်ကြားနဲ့ နပ်ခါးမှုန်
မမွှေးထုံ ဘာကြောင့်မွှေး
ရှင်တောင်နပ်ခါး လိမ်းလို့မွှေး ။

မမွှေးထုံ ၊ မမွှေးထုံ
စံပယ်ကုံးနဲ့ ဆံထုံးပုံ
မမွှေးထုံ ဘာကြောင့်မွှေး
တောစံပယ်သေး ပန်လို့မွှေး ။

မမွှေးထုံ ၊ မမွှေးထုံ
နှုတ်ခမ်းပါးနဲ့ ကွမ်းဝါးငုံ
မမွှေးထုံ ဘာကြောင့်မွှေး
စမုံကွမ်းအေး ဝါးလို့မွှေး ။

မမွှေးထုံ ၊ မမွှေးထုံ
နှုတ်ချိုအေးတဲ့ မမွှေးထုံ
မမွှေးထုံ ဘာကြောင့်မွှေး
လိမ္မာရေးခြား သတင်းပြေး
သမီးမြကျေး ကြာညိုသွေး
စိတ်တည်ကြည်လို့ နာမည်မွှေး ။ ။

ကြည်အေး
(ရှုမဝ ၊ ၁၉၇၀ ၊ ဇူလိုင်)