Friday 27 August 2010

ကျန်ရစ်သူအတွေး


သူသွားတော့မည်
ပွေ့ချော့ထွေးလည်း ၊ ဝမ်းနည်းရုံမျှ
မှုန်ဝါးမျက်နှာ ၊ မျက်ရည်ကာဆီး
ပြန်လာပါဦး ၊ ခွဲချင်ဘူးကွယ်
မူးယစ်ဝေည ၊ မွှေးထုံသဆဲ
ခဏတွေ့မော ၊ ရင်ခုန်ရောယှက်
ပြောချင်စကား ၊ မေးခွန်းများစွာ
မေ့ကာထားပြီး ၊ ပြန်ချိန်နီးမှ
ငိုညည်းတစ်ဝက် ၊ မမှီလက်ကမ်း
နှုတ်ဆက်ဝိုးဝါး ၊ ပြေးထွက်သွားမှ
တံခါးရပ်မှီ ငေးခဲ့ပြီ ။

သူချန်ရစ်သော
မူးယစ်ဝေည ၊ မွှေးထုံမြခဲ့
အလှမပီ ၊ နွမ်းလျသီသော
နှင်းဆီဝါဝါ ၊ ငုံပြေအာစ
ရင်မှာချွေးလွင့် ၊ ပွင့်ဖတ်နုကို
ယုယခုပင် ၊ စုဆောင်းကောက်ယူ
နမ်းရှိုက်ရှူမွှေး ၊ သူလာခဲ့သော
လွမ်းပုံပြောသည် ၊ စိတ်မောသက်သေ ။

သူ့စကားမူ
ချော့ဖြားပလီ ၊ သီရီတတ်သော
နတ်မိနွယ်လို ၊ ပိုမိုဟုတ်ဘူး
မေ့မူးရစ်ဝေ့
သူ့ကိုယ်ငွေ့မွှေး ၊ နွေးပူတတ်သည်
မျက်ရည်ပုလဲ ၊ သည်းဖိုငိုသည်
ညိုမှောင်ဝင်းလျှပ် ၊ မျက်တောင်ခတ်သည်
ရှတိုက်ရွေ့လျား ၊ တိမ်လွင့်ပါးသို့
ပြန်သွားတတ်သူသာတကား ။ ။

( ကြည်အေး )
ရှုမဝမဂ္ဂဇင်း ၊ ဧပြီ ၊ ၁၉၇၂ ၊ စာ -၁။

4 comments:

  1. ပန်ဒိုရာဘလော့ဂ်မှာ ဒီ site ကို ညွှန်းထားပါတယ်။

    ReplyDelete
  2. မေဓာဝီ1 September 2010 at 16:27

    သူ့ကဗျာတွေက ဖတ်ရတာတော့ ထောက်တယ်။ ဒါပေမဲ့ ကာရန်တော့ မလွတ်ဘူး။
    အဲလိုရေးတတ်တာ ဒဂုန်တာရာရှိသေးတယ်။
    ဒီကဗျာမှာ စာလုံးတွေသုံးသွားတာကို သဘောကျတယ်။ မူးယစ်ရယ် မူးရစ် ရယ် ... ။ တမင်အဲလိုသုံးတာလားတော့ မသိဘူး။ မူးယစ်ဝေည ဆိုတဲ့ စာလုံးလဲ ၂ ခါ ထပ်သုံးထားတယ်။
    ကြည်အေးရဲ့ ကဗျာတွေကို ကဗျာလိုဖတ်ရတာထက် စကားပြေလိုပဲ ဖတ်နေမိတယ်။
    တင်ပေးတာ ကျေးဇူးပဲ အောင်ဖြိုးရေ ... ။

    ReplyDelete
  3. ဟုတ်တယ်အမ သူတို့နှစ်ယောက် ကာရန် ကစားတာသိပ်လှတယ် ။ ကျန်တဲ့ ကဗျာဆရာတွေနဲ့ မတူတာတော့ အမှန်ပဲ ။ ကဗျာကို ကြိုက်ပဲကြိုက်တာ မစပ်တတ်ဘူး ... စပ်နည်းတော့ နည်းနည်းလေ့လာဘူးတယ် ..မရပါဘူး :D

    ReplyDelete
  4. အဲလို စပ်နည်း ရေးနည်းကို စာပေသစ်လို့ ခေါ်တယ်လို့ ဖတ်ဖူးပါတယ်။ တင်ပေးတာ ကျေးဇူးပါရှင်။

    ReplyDelete