Thursday, 26 August 2010

နှုတ်နှေးခဲ့သည်


မောင်နှင့်တွေလျှင်

ချမ်းမြေ့ပျော်လည်း ၊ သူဝမ်းနည်းပြန်

မသဲမကွဲ ၊ နှစ်ယောက်ထည်း (ထဲ) ပင်

မိုးဖွဲနုညက် ၊ ဆံနွယ်ခက်ကြား

တစ်စက်တစ်စက် ၊ လျောသက်တွယ်ခို

ညိုညိုလဲ့မှောင် ၊ ကော့မျက်တောင်မှ

ဝေ့ယောင်သီဝဲ ၊ မျက်ရည်ပဲလား

မသဲမကွဲ ၊ မိုးရေပဲလား

ဆိုရဲခက်ခက် ၊ မမေးရက်လို့

ပင့်သက်ပူနွေး ၊ မှိုင်မောငေးဆဲ

နွဲ့ထွေးနှမ ၊ ပြုံးအေးမြတော့

နောင်တ နောက်ကျရပြန်သည် ။ ။

(ကြည်အေး)
(ရှုမဝမဂ္ဂဇင်း ၁၉၇၀ ဇူလိုင် ၊ 'မြနန္ဒာပြောချင်သေးသည်' မှ )

မေ့မည်ထင်သည်


( Mya K Myint ၏ The Decision)

မောင့်လွမ်းဖက်သို့
နံနက်စောသီ ၊ နှင်းရည်ညို့မှုန်
သစ်ဆုံနုသစ် ၊ ပုရစ်ငုံလဲ့
ရွက်နွဲ့ကြားမှ
စကားတွတ်တီ ၊ ငှက်တေးသီလျှင်
ပီပြင်လှသော ၊ မအံ့သြနှင့်
မောင့်တောအုပ်က လွှတ်လိုက်သည် ။

လှဝင့်ဝါရွက်
နန္ဒာနှမ ၊ ကိုယ်တည်းညဦး
ပပငွေရည် ၊ မြခြည်လက်ရွှန်း
ပက်သွန်းယိုကျ၊ ပြတင်းဝ၌
နှင်းထပက်ဖျန်း ၊ မှုန်ခိုးသန်းလျှင်
ချမ်းမြလွန်းသည် ၊ လွမ်းခက်မည်လို့
တန့်ဆည်ခန်းဆီး ၊ ဇာမြီးဖြာခက်
မကာရက်နှင့်
ပင့်သက်ငွေ့လွင့် ၊ မောင်လွှင့်သည်ပင် ။

နေရှိန်ဝင်းဝင်း ၊ နေ့ကြည်လင်းမူ
ဖန်ဆင်းလိုက်သော ၊ နှင်းဆီတော၌
မက်မောရိပ်သာ
မောင်လာချင်လည်း ၊ လာခက်ခဲ၏
လက်တွဲသိမ်းပွေ့ ၊ ကြည်မွေ့ခေါ်ငင်
မက်မောခင်မည် ၊ မထင်ဝံ့စား
စကားမသွက် ၊ ဖွင့်ဟခက်ခဲ့
မြေအက်ကြားမှ ၊ မြက်ပွင့်မျှသာ
နှမတစ်နေ့ မေ့ရစ်မည် ။ ။


(ကြည်အေး)

Wednesday, 25 August 2010

စောင့်ခေါ်ပါမောင်


ကြည့်စမ်းသည်မှာ
မြက်ပြာတောက ၊ သဲဖြူရွခင်း
အမြှင်ပိုက်ကွေး ၊ လမ်းကလေးလေ ။

လမ်းလျှောက်လို့လာ
မေ့မှာနွမ်းယဲ့ ၊ ကြောက်အားနွဲ့ပြီး
ငိုမဲ့ချင်တုန်း ၊ အတင်းပြုံးလဲ
ခွေနုံးပါပြီ ၊ ဖော်လဲမှီနိုင်
ဟိုဆီချိုး၍ ၊ သည်မှာကွေ့ခဲ့
ဖြည်းရွေ့ လျှောက်လာ ခုထိပါကွယ် ။

ပုရစ်ပေါ်လို့
ရွက်ရော်ရွှေလိပ် ၊ မြေဝယ်အိပ်ပြီး
တိုးတိတ်ငှက်ဖို ၊ သီချင်းဆိုစဉ်
သစ်ကြိုကိုင်းကြား ၊ ငုံ့လျှိုးတွားခဲ့
မြသားမိုးမြေ ၊ ပူသည့်နေအောက်
နွေပွင့်ကိုခူး ၊ နွေလေရူးမှာ
နွေဦးကိုလဲ တွေ့ခဲ့ပါရဲ့ ။

သစ်ညွှန့်ထွက်၍
ရှုပ်ရှက်လမ်းမှာ ၊ မြရွက်ကာဆီး
နွယ်ညှာကိုစမ်း ၊ မမြင်ကန်းနှင့်
တိမ်ပန်းလျှပ်စက် ၊ မှောင်မှာပြက်တုန်း
လေသက်မုန်တိုင်း ၊ သစ်ကိုင်းကျိုးကျွတ်
ပစ်ခတ်ထက်ချွန် ၊ ငွေမြှားတံတွေ
သည်းထန်မိုးကို တိုးခဲ့တယ်မောင် ။

မိုးတိမ်လေးတွဲ့
လေအေးမြောက်ပြန် ၊ နှင်းသွန်ဆို့ပိတ်
ကိုင်းထိပ်သစ်ပင် ၊ ညို့ ညို့ မြင်ရ
ပင်ပေါ်ပန်းပွင့် ၊ ဆောင်းလေသင့်မှာ
ရှူပင့်သက်ဖို ၊ မေ့တစ်ကိုယ်လေ
စွတ်စိုချမ်းတုန် ၊ နှင်းမှုန်မှုန်တို့
ဖုန်သည့်လမ်းမှာ ပန်းခဲ့ပါ့ရှင့် ။

လက်ကမ်းပါမောင်
ညင်သာမှေးပွေ့ ၊ အဖော်တွေ့ကြောင့်
ဆွေ့ဆွေ့ခုန်ပေါက် ၊ လမ်းဆက်လျှောက်မယ်
နှစ်ယောက်လက်တွဲ ၊ တအားပဲဟင်
သဲလမ်းကျဉ်းကျဉ်း ၊ လမ်းလျှောက်ရင်းကို
သီချင်းကြော်ကြော် ၊ အော်ဆိုရအောင်
ချိုမြမျက်ရည် ၊ ပျော်လို့လည်မိ
သည်လမ်းအဆုံး ၊ တုံးမှတ်တိုင်ထိ
ပွေ့ကိုင်ဖေးကာ ၊ စောင့်ခေါ်ပါနော် ။ ။

ကြည်အေး
( ရှုမဝမဂ္ဂဇင်း ၊ မေ ၊ ၁၉၄၉)

သစ္စာသစ်


ပလူပျံများ
တောင်ပံလက်လက် စက်ရဟက်သို့
ဖျတ်ဖျတ်လှည့်လူး မြူးထူးရွရွ
ဖူးမြနီယွန် ဖြူခြည်သွန်သော
မီးပြွန်ပူငွေ့ တိုးညှပ်ဝှေ့ ကြ
ကြွေရွေ့လျောလဲ လေကြောဆန်၍
ပျံသန်းကြသော ဥာဥ့်ပုံပြောသည့်
တောစံပယ်ပွင့်များပမာ။ ။

ရစ်လည်ရစ်လည်
ဇာချည်ကြောလျှင် ပန်းရွက်ဆင်တည့်
ငွေသင်တောင်ပံ ကျွတ်လွင့်ပျံမှ
သမံတလင်း မှုန်မှုန်ခင်းကြ
ခုန်ဆင်းကျန်ရစ် ပလူသစ်မှ
ပြောင်းဖြစ်ဘ၀ ပရွက်လှမူ
ရွရွပြေးကာ ရွာသစ်ရှာ၏။ ။

ရှေးကဆိုရိုး
ပိုးဖလံမျိုး မီးကိုတိုးသတဲ့
မောက်ဖြိုးရွှေတောင် မြိုက်လောင်ပူနွေး
မီးငွေ့ပေးမှ အသက်ရရှိ
ကျွန်မချစ်မြဲ သံသာဝဲမှ
ခွဲထွက်ချင်ဘူး တက်မက်ဦးမည်
စိန်ခြူးကြယ်တန်း
လခြမ်းလ၀ိုင်း ညတိုင်းမြင်ချင်
ရွှေစင်နေ၀န်း ဆည်းဆာကွန်းမှ
ပေါ်ယွန်းစေ့စေ့ နေ့တိုင်းတွေ့ချင်
ထွေးပွေ့လင်သား သမီး သား မြေး
စကားနှစ်သက် မိတ်ဆွေဖက်ဟု
မက်မောဘ၀ တစ်ခဏလဲ
အလှရှာဖွေ အဖြေတွေ့သော်
မွေ့လျော်ငြိတွယ် သေမျိုးနွယ်လဲ
ရယ်ရွှင်ဝံ့စား ငါလူသားဟု
တရားထွန်းသစ် သတ္တိဖြစ်၏ ။ ။

ကြည်အေး
( ရှုမဝမဂ္ဂဇင်း ၊ မတ် ၊ ၁၉၇၁)

မမများသာ








(ရှုမဝမဂ္ဂဇင်း ၊ အမှတ် ၉၆ ၊ မေ ၁၉၅၅)

Thursday, 12 August 2010

လက်စားချေခြင်း





(တာရာမဂ္ဂဇင်း ၊ အတွဲ ၂ ၊ အမှတ် ၁၂ ၊ ဇူလိုင် ၁၉၄၈)