Saturday, 14 January 2017

မလှတလှ ပုံပြင်




(၁)
သည်ကိစ္စကို အစတုန်းက ဘယ်လိုရယ်လို့ အမည်မမှည့်တတ်ဘဲ ရှိနေသော်လည်း ယခုလို အသက်အစိတ်ကျော်၍ ကိုယ် စိတ် ဝေဒနာအစုံနှင့်လည်း ကြုံခဲ့ကာ ဇာတိ ဆိုသည်နှင့် မပြတ်သေးသော်လည်း လောကီရေး၌ခဏပန်းအားဖြင့် ဖြစ်စေ၊ ငြိမ်းချမ်းရပ်တည်နိုင်ဆဲမှာတော့ သည်ကိစ္စဟာ ချစ်စဖွယ်လည်းကောင်း၊ ကြေကွဲစဖွယ်လည်းကောင်း၊ ရေးလို့လည်း နည်းနည်းကောင်းမည့် ၀တ္ထုလေးတစ်ပုဒ်ပါပဲရယ်လို့ ဆိုရပေတော့မည်။ ချစ်စဖွယ် ကောင်းတာကတော့  ထုံးစံအတိုင်းပင် လူငယ်လေးနှစ်ယောက်၏ အချစ်ဆိုတာကို မူတည်သည့်ဇာတ်လမ်းဖြစ်ပြီး ကြေကွဲစဖွယ်ကောင်းတာကတော့ ဖြစ်ရိုးဖြစ်စဉ် တွေ့သည်၊ ဆုံသည်၊ ကြုံလျက်ကွဲသည် ဆိုတာမျိုးမကဘဲ တစ်ယောက်၏  စိတ်နေကြီးမြင့်ခြင်းနှင့် တစ်ယောက်၏မိုက်မဲခြင်းတို့ တိုက်ခိုက်ပြီးနောက် ရှင်းလင်းရ ခက်စွာဘာမှလည်းမဟုတ်ပါဘဲလျက် နုနယ်သောအသက်ကလေးတစ်ချောင်းဆုံးပါး သွားသည်မို့တည်း။

ကောင်လေးကို တော်မီလို့ သင့်လျောစွာခေါ်ရမည်ထင်သည်။ အကြောင်းမှာ သူသည် မြန်မာလူမျိုးလည်း မစစ်ဘူးထင်သည်။ အင်္ဂလိပ်ကျောင်း၌ အင်္ဂလိပ်နာမည်ကို ယူ၍သင်ကြားကာ အသက် ၁၉နှစ်မှာ မြန်မာစကားမှန်မှန်ပြော ဖြစ်သောကြောင့်ပင်။ ဂျပန်ခေတ်ကလည်း မြန်မာပြည်၌မရှိ။ အိန္ဒိယသို့ အင်္ဂလိပ်နောက်အပါးမှအပြေးလိုက် ခိုကြသူလူတစ်စု၏ အပါအဝင်တည်း။ တော်မီသည် အင်္ဂလိပ်အကတတ်၏။ အင်္ဂလိပ်သီချင်းတိုင်းကိုရ၏။ စကားပြောရင်း ပခုံးလည်းတွန့်တတ်၏။ သို့သော် ကျောင်းနေရင်းက သူ့ထက်တစ်တန်းငယ်ကာ ဗမာအလွန်ဆန်ချင်နေသော ကွန်ဗင့်ကျောင်းကို အထင်မကြီးတော့ပြီဖြစ်သော ကျောင်းသူတစ်ယောက်ကို ချစ်တယ် ချစ်တယ်တွေဖြစ်ရလေသည်။

အဲသည်တုန်းက ကျွန်မသည် အသက် ၁၇ နှစ်ခန့်ရှိသေးသည်။ ကိုယ့်ရွယ်တူတွေနှင့် နေစဉ်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ်ကျေနပ်ကာ လောကမှာ ဘာမှသိတတ်စရာ မကျန်တော့လို့ ထင်၏။ စာကြီးပေကြီးများကိုဖတ်ပြန်လျှင်တော့ သဘောမပေါက်သမျှကို ဟီးချလို့ ငိုကာ ဟယ် .တစ် နေ့ကျလျှင်တော့  တစ်ကမ္ဘာလုံးမှာ ထွက်သမျှစာအုပ်ဆိုတာကို ကြေညက်အောင်ဖတ်လို့ ပညာတတ်ကြီး ဖြစ်ရစေ မပေါ့ဟု အားတင်းချင်ပြန်၏ ။ သူတစိမ်းနှင့်ဆုံလျှင် သူဘယ်လောက်တတ်သိသလဲဟု အရင်စူးစမ်းချင်၏။ တစ်နေ့ ၂၄ နာရီရှိသည့်အနက်မှာ ၄ နာရီ၊ ၅ နာရီထက် ပို၍မအိပ်ရက်။ အစားအသောက်ကို အချိန်သပ်သပ်မပေး။  ကျစ်ဆံမြီးကို ၄၊၅ ရက်မှတစ်ခါကျစ်ပြီး ကျောင်းပိတ်ရက်များမှာ အခန်းအောင်း၍ စာဖတ်သည်မှာ အပေါ့အလေးသွားရုံသာ ထွက်သဖြင့် အမြဲညောင်း ချည့်ကာ မစားချင် မအိပ်ချင်သော ရောဂါစွဲသည်။ သို့သော် သဘောပင်ကျချေသေး၏။ ဒါမှ စာဖတ်နိုင်မည်။ ဒါသာလျှင် လူတော်လူမြတ်တို့ အကျင့်တည်း။ ဒီလိုနေမှ မျှော်မှန်းရာ ကြီးမြတ်ကျော်ကြားခြင်း ဘုံထွဋ်သို့ရောက်မည်။ တော်မီသည် ဘယ်လိုမှန်းလည်းမသိ။
ကျောင်းသားသမဂ္ဂ၌ အမှုဆောင်တစ်ယောက်ဖြစ်နေပြီး ကျွန်မကလည်း သမဂ္ဂအားပေးသူမို့သိကျွမ်းလာကြ၏။ အမှန်စင်စစ် ကျွန်မကစကားသွက်သွက်မပြောတတ်၊ လူလည်းကြောက်တတ်သဖြင့် ရုတ်တရက်မခင်မင်ချေ။ တော်မီနှင့် မိန်းကလေးအများပင် ခင်မင်သည်။ သူက ရင်းနှီးစွာပြောတတ်သည့် ယောက်ျားနှင့် မိန်းကလေးများရောနှောသင်ရသော ကျောင်းများမှ ဘာသိဘာသာနေတတ်လေ့ရှိရာ တော်မီကို ပြုံးသူကပြုံးကြသည်။ တော်မီနှင့်ခင်သော မိန်းကလေးများကိုလည်းနောက်သူ ကနောက်ကြသည်။ ကျွန်မကတော့ တော်မီသည် သည်နှစ်မှကျောင်းသို့ရောက်လာ သောကျောင်းသားမှန်းသာသိပြီး ဘယ်အတန်းကမှန်းမသိသေးချေ။

တော်မီသည် ကျွန်မတို့အတန်းသို့ မကြာခဏလာသည်။ ကျွန်မနှင့်တွဲသော သင်းသင်းနှင့် အစောတို့ထံလာပြီး ရယ်စရာမောစရာပြောသည်။ ဓာတ်ပုံစာအုပ်ချင်းလဲကြည့်သည်။ ဓာတ်ပုံတွေတောင်းသည်။ (အဲသည်အချိန် အဲသည်အရွယ်များမှ ဓာတ်ပုံတောင်းခြင်းသည် ကြောက်ခမန်းလိလိ ရာဇ၀တ်မှုပမာဖြစ်လေရာ သင်းသင်းနှင့် အစောတို့ ကိုယ်တိုင်ပင်လျှင် တော်မီ၏ဖြူစင်စော အမူအရာကို သံသယမကွက်ဘဲ အံ့သြကြက်သေသေတတ်လေသည်။ သူတို့သည် ဓာတ်ပုံပေးဖို့ကို မလိမ့်တပတ်ပြောပြီးနေကြ၏။ ခင်မင်နေတော့လည်း မငြင်းရက်ကြ) သီချင်းစာအုပ်ချင်းလဲဖတ် သည်။ လစဉ်စာမေးပွဲများအကြောင်း ဆွေးနွေးကြ၏။ သမဂ္ဂအကြောင်း ပြောကြ၏။ ဆရာကြီး၊ ဆရာမများအတင်းကို တိုးတိုးနှင့် မလွန်အောင်ပြောပြီး ကိုယ့်ဘာသာကိုယ် ကျေနပ်ကြ၏။ သည်အထဲမှာ စိတ်ကြီးအဝင်ဆုံးကတော့ ကျွန်မသာဖြစ်ကာ သူတို့တစ်တွေကို မကြီးရင့်ရှာဘူးလို့ တွေးထင်နေလေသတည်း။

တော်မီက "ကြည်ရော... ဓာတ်ပုံမရိုက်ဘူးလား။ ရိုက်ရင်ပေးစမ်းပါ" ဟုစကား ကြုံရော၍ တောင်းတတ်၏။
"ရိုက်ရင် ..ပေးမှာပေါ့"ဟု ကျွန်မက လှောင်တောင်တောင်ပြောကာ ရယ် တတ်သေး၏။ စိတ်ထဲကတော့ လူကိုအားတိုင်း အမူအရာအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ပြီး ကိုယ်ပုံကိုယ်ကိုးကွယ်နေချင်တဲ့ မိန်းကလေးမျိုးမှတ်သလား။ ဒါမျိုးကို ဂျပန်ခေတ် ၁၁ နှစ်သမီးက လုပ်လို့ဝခဲ့ပြီ။

တော်မီက မိန်းကလေးများသော ကျွန်မတို့အတန်းကို လာလေ့ရှိသဖြင့်အနောက်က ခပ်ရှုပ်ရှုပ်ကျောင်းသားခပ်ကြီးကြီးများကပါ ပါလာပြန်ရာ အတန်းထဲ ယောက်ယက်ခတ်လျှင် ကျွန်မလူကြီးပြုံးနှင့် သည်းခံနေပြန်သည်။ မျက်စိရှုပ်သည်လို့ လည်းညည်းချင်ညည်းသည်။

သို့သော် တစ်နေ့သ၌ ကျွန်မသည် သမဂ္ဂအမှုဆောင်ဖြစ်လာပြီး တော်မီနှင့်ခင်မင်ရလေ၏။ မှတ်မိသေး၏။ ထိုအမှုဆောင်ရွေးပွဲမှာ ကျောင်းသားကြီးတစ်ယောက်က တမင်တကာပင်ပြော၏။ "ဟာ...ဒီနေရာဆို တော်မီကိုထားပေါ့။ ဒီနေရာက မိန်းကလေး အမှုဆောင်နဲ့ခင်လေကောင်းလေမို့ ခုလည်းခင်လျက်စနဲ့ အတော်ပဲ" ဟူ၏။ စင်စစ် ကျွန်မသည် တော်မီနှင့် စကားစမြည်ရယ်လို့ပင် ကောင်းကောင်းမပြောဖူးသေးပါ။

ဟိုတုန်းကတော့ လက်ဖက်ရည်ပန်းကန်ထဲ၌ မုန်တိုင်းအမြဲကျနေသည်။ သည်လိုပဲ ကျွန်မ၏ဆရာရင်းတစ်ယောက်က ပြောခဲ့သည်။ ဆရာရောက်လာသည့်နေ့မှာ ကျောင်း သားက ကျောင်းသူကို ရည်းစားစာပေးမှုနှစ်မှု တစ်ပြိုင်နက်ဖြစ်သဖြင့် ဆရာကြီးက ကြိမ်လုံးဖြင့်ဆုံးမကာ အတန်းတကာကို လည်ပြသည့် အဖြစ်အပျက်ကြုံသည်မို့တည်း။

ကျွန်မသည် ဘာမှ ပြန်မပြောတတ်ဘဲ သည်တိုင်းနေလိုက်၏။ ဒေါသအနည်းငယ်ဖြစ်သော်လည်း ၀မ်းနည်းခြင်းက ပို၏။ အဲသည်တုန်းက ကျွန်မသည် အစဉ်အားငယ်ကာ အမြဲအားတင်းနေရသည်။ ကျွန်မ၌ တကယ်ခင်မင် ယုံကြည်ရသူ သင်းသင်း၊ အစောနှင့် လှလှကြည်တို့သာ ရှိလေသည်။ အမြဲတွဲနေကျ မာလင်ဆိုသည့် ကလေးမက မမျှော်လင့်ဘဲ သစ္စာမဲ့သည်လိ့ စိတ်ပျက်နေဆဲရှိသည်။ ကျွန်မသည် သူ့ကိုယုံ၍ ကျောင်းသားတစ်ယောက်ကို ''အဆင့်အတန်းမြင့်တဲ့သူ မဟုတ်ဘူး" ရယ်လို့ မိုက်မှားကာဖွဲ့နွဲ့မိ လေသည်ကို မာလင်က ဖောက်သည်ချလေရာ ကျွန်မကိုဘယ်တော့မှမကျေနိုင်သော ရန်သူပေါ်လေ၏။ ယခုထက်တိုင် ကျွန်မကို ခွင့်လွှတ်နိုင်ဦးမည်မထင်။ အဲသည်တုန်းကတည်းက အခွင့်ရသမျှ ကျွန်မကို ရန်လုပ်သည်။ ယခုတော်မီနှင့်ခင်ပါသည်ရယ်လို့ တကယ်ခင်လည်း ဘာမှ အပြစ်မရှိနိုင်သော ကျွန်မကို ကျော်ကြားအောင်ပြောသူမှာ ထိုကျောင်းသားပင်တည်း။

အမှန်စင်စစ်တော့လည်း အဲသည်သမဂ္ဂက ဆက်စပ်မှပင် တော်မီနှင့် ကျွန်မ ခင်မင်သွားလေသည်။
ထိုအခါ ကျောင်းသားကျောင်းသူအပေါင်းသည် လျင်မြန်စွာပင်ရိပ်မိကြသည်။ တော်မီနှင့် ကျွန်မကိုပဲ ၀ိုင်းကြည့်နေကြသည်ထင်သည်။

တစ်နံနက်မှာတော့ ကျွန်မသည် ကျောင်းကိုအစောကြီးရောက်ဆဲ ဘော်ဒါနေသော တော်မီက မြင်ပြီး အခန်းထဲလာစကားပြော၏။ သူ အအေးမိနေသည့်အကြောင်း၊ သူ့မှာ အဖေမရှိသည့်အကြောင်း၊ နှမကလေးရှိကြောင်း၊ သူ့ကိုချင်းတောင်ပေါ်မှာမွေးကြောင်း ရောက်တတ်ရာရာတွေပြော၏။ ကျွန်မကလည်း ဟိုစကားသည် စကားနည်းနည်းပါးပါးပြော၏။ ထို့နောက် ကျောင်းသား များအခန်းထဲဝင်လိုက်၊ အပြင်က ဖြတ်သွားလိုက်လုပ်ပါများသည်ကို သတိထားမိလာကြသည်။ ပြုံးသူကပြုံး၏။ မျက်နှာ သေကြီးနှင့် ခေါင်းငုံ့သွားသူကသွား၏။ နောက်တော့တော်မီထွက်သွားသည်။

ထိုအခါကျွန်မသည် ကိုယ့်ကို လူချစ်လူခင်များသည်ကို အမြဲပင်သတိရနေ သည်။ အကြောင်းရင်းလည်း ရှာမတွေးတတ်၊ အဲသည်တုန်းက အထူးသဖြင့် ယောက်ျား လေးများက ကျွန်မကို မနှစ်လိုဖြစ်ကြလေရာ စဉ်းစားလို့ မရနိုင်ပါ။ ကျောင်းသားကြီးများ သည် အသင်းဖွဲ့ပြီးတောင် ကျွန်မကို ချောက်ချလေသည်။
ဥပမာ -
ကျွန်မတို့ကျောင်းမှာ မြန်မာစာသင်သော လူမှုရေးရာမသိသော ဘုန်းကြီးလူထွက်လို့ထင်ရသော စိတ်သဘောအင်မတန်ကောင်းသော ပြီးတော့ကျော်ကြားသော ယိုးဒယားကြောင်မြီးလိုဖွာထောင်သာ မျက်ခုံးမွေးတစ်စုံလည်းရှိသော ဆရာကြီးတစ်ယောက်ရှိသည်။ သူ့အယူအဆမှာ မြန်မာစာသည်နွားနို့ဖြစ်လျှင် ပါဠိသည် ထောပတ်တည်း။ ထို့ကြောင့် ကျွန်မတို့တစ်တွေသည် ဆရာကြီးကိုထောပတ်နှင့်နှုတ် ဆက်ရလေ၏။ ပါဠိလို ''ဇေယျတု သဗ္ဗမင်္ဂလံ'' ဟု နှုတ်ဆက်ရလေ၏။

ဆရာကြီးသည် ကျွန်မကို မြန်မာစာတော်သည်ထင်စား၏။ အတန်းထဲဖတ်စာထ ဖတ်ခိုင်း၏။ ကျောင်းသားတွေ ဗမာစာညံ့သည်လို့ ညည်း၏။ ခဏ ခဏပင် ကျောင်းသားများကို စာလုံးပေါင်းခိုင်းတတ်လေသည်။ ဥယျာဉ်၊ လေယာဉ်ပျံ၊ ယဉ်ကျေးသည်။
တစ်နေ့တော့ဆရာကြီးသည် မြန်မာစာချိန်၌ ဉာဏ်ဆိုသည့် စကားလုံးကိုပေါင်းခိုင်းသည်။
ကျောင်းသားများက မတတ်ချင်ယောင်ဆောင်နေကြသည်။
ဆရာကြီးက ''ကဲကွယ် ..မောင်ပု မင်းပေါင်းပြလိုက်စမ်းပါ''
မောင်ပုသည် မြန်မာစာတော်၍ လူရည်လည်းလည်ကာ နိုင်ငံရေးလည်းဝါသနာပါလှသော နောက်ကောလိပ်ကျောင်း၌ ကျော်ကြားလာသည့် ကျောင်းသားကြီး တစ်ယောက်ဖြစ်သည်။
သူက ပြုံးကာ ''ညရေးသေးသေးတင်ညံ''
ဆရာကြီးက ''ဟာ.. မင်းက တယ်ညံ့တာပဲ။ ကဲ မောင်အေးသွင်ပေါင်းစမ်း''
''ညရေးချ..''
''ဟုတ်ပြီ.. ''
''ညရေးချ နသတ်ညာန်''
''ဟာ ..နည်းနည်းလွဲသွားတယ်''
မောင်အေးသွင်က ပြုံးဖြီးဖြီးနှင့် ''ဟာ..မှားလို့ဆရာ။ ညရေးချသေးသေးတင် ညံ''
ဆရာကြီးလည်း စိတ်ပျက်ပြီး ''ကဲကွယ် ဘယ်သူမှမပေါင်းတတ်ရင် မကြည်က ပေါင်းပြလိုက်ပါတော့''
ကျွန်မသည် ကျွန်မကိုဝိုင်းပြီးရယ်မောနေကြသော ကျောင်းသားများကိုကြည့်ပြီး ပထမတော့ဘာလုပ်ရမှန်း မသိချေ။ ဆရာကြီးကိုမူကား မငြင်းဆန်ရက်။ ဆရာကြီးလူမှုရေးရာ သည်မျှနားမလည်သည်ကိုသာ အံ့သြနေ၏။ ပြီးတော့ မျက်စိမှိုတ်ပြီး..
''ညရေးချ ဏကြီးသတ် ညာဏ်''
ဆရာကြီးက သူ့တပည့်တွေကို ဉာဏ်စာလုံးပေါင်းများစွာ စာအုပ်ထဲချရေးခိုင်းဆဲ၊ ကျောင်းသားများက အချိတ်အဆက်ပြု၍ ကျွန်မကို ချီးမွမ်းကြပြန်၏။
''တယ်တော်ပါလားကွ။ ညာဏ်တောင်မှန်အောင် ပေါင်းတတ်တယ်''
''ဟာ.. ဒါကြောင့်လည်း အတန်းထဲ ပထမချည်းစွဲနေတာပေါ့''
''ဒါ့ကြောင့်မို့လည်း ကိုယ်တို့အတန်းကို နှစ်ဝက်နဲ့တက်လာပြီး ဗိုလ်ထပ်စွဲပြန်တာဟေ့''
''ဟေ့ ညာဏ်ဘယ်လိုပေါင်းလဲ မေးလိုက်စမ်းပါဦးကွာ။ မေ့သွားလို့မှတ်ထား ရအောင်''
အဲသည်တုန်းကတော့ ကျွန်မ၏ နုနယ်သောစိတ်၌ ဒဏ်ရာတစ်ခုဖြစ်ခဲ့သည်။
ဤကျောင်းသားများပင် အလွန်မြန်ဆန်စွာ သက်သေခံအထောက်အထားလည်းမရှိပါဘဲ တော်မီနှင့် ကျွန်မကို စွပ်စွဲကြပြန်ဦးမည်။

အဲသည်တုန်းကတော့ နားမလည်ခြင်းသာရှိသည်။ ပြီးတော့ကျွန်မက အလွန်အေးဆေးကင်းရှင်းစွာနေလျက် ဘယ့်သူ့ကိုမှ ရန်မမူပဲလျက် ကျွန်မကိုမလိုလားနိုင်သည်ကို နားမလည်ချေ။ ကျွန်မကို မနာလိုစရာအချက်ရယ်လို့ ရှိစကောင်းသည်လို့လဲ အထင်မကြီးဝံ့ခဲ့ပါ။ သတိလုံးဝမရပါ။ စင်စစ်ကျောင်းကဖတ်စာတို့၌ အထင်မကြီးသဖြင့် ကျောင်းက ဖတ်စာအားဖြင့်ဂုဏ်ယူလိုခြင်းလည်း မရှိ။
သို့သော် ကျောင်းသားကျောင်းသူအများပင် တော်မီနှင့် ကျွန်မကြိုက်ပြီရယ်လို့ ဆိုချင်စိတ်အတော်ပေါ်ကြသည်။ အဲသည်လိုဆိုရလျှင် ကျေနပ်စဖွယ်လို့ ထင်ကြမည်။ တော်မီနှင့် ကျွန်မကြိုက်သည်ဆိုလျှင် တော်မီက လူတော်ကျောင်းသားမဟုတ်သဖြင့် ကျွန်မမှာ နစ်နာစရာဖြစ်သည်၊ ပြောစရာဖြစ်သည်ရယ်လို့ အယူရှိကြသည်လား မသိ။ အနည်းဆုံး ကျွန်မကိုလိုလားသော ဆရာ ဆရာမ အပေါင်းကို အောက်ကလိအာဖြစ်စေ ပြောနိုင်ခွင့်ကြုံသည်လို့ပင် ထင်သလားမသိ။

ကျွန်မတို့ အိမ်ပြောင်းစဉ်မို့ ကျောင်းလိပ်စာနှင့်ရောက်လာသောကျွန်မအတွက်စာများ၊ မှာယူထားသောမဂ္ဂဇင်း၊ ဂျာနယ်စာအုပ်များကို တော်မီက ပို့သည်ပဲ ထင်ကြ၏။ (အဲသည်အချိန်၌ တော်မီကျောင်းမှာ မရှိတော့ချေ) ကျွန်မကလည်း မရှင်း လင်းမိ။ သူတို့ထင်ကြသည်ကိုသာ ရိပ်မိရင်း လက်များတုန်နေရာရုတ်ခြည်းတိတ်ဆိတ် သွားသော စာသင်တန်း၌ ကျွန်မလက်မှ လွတ်ကျသော စာအုပ်၊ ခဲတံ၊ ပေတံ၊ ဖောင်တိန်တို့အသံသည် ပဲ့တင်ပင်ထပ်လျက်ထွက်လာလေသည်။
 (၂)
အမှန်စင်စစ် ၁၇ နှစ်သမီးကို ၁၉ နှစ်သားက ချစ်ပါသည်ရယ်လို့ဆိုတတ်ခြင်းမှာ တော်မီကျောင်းမှ ဆယ်တန်းမအောင်ခင်ထွက်ကာ လေတပ်ထဲသို့ဝင်တော့မှသာ ဖြစ်သည်။ အများထင်သလို ကျောင်းမှာမဟုတ်ပါ။
တော်မီဘာကြောင့် လေထပ်ထဲဝင်သည်ဆိုတာ ခုထက်ထိ ကျွန်မမသိရ။သူနှင့် ရင်းနှီးသောသူငယ်ချင်းတို့သာ သိရှိပေလိမ့်မည်။ တော်မီသည် အစိုးရ အထောက်အပံ့ယူသောကျောင်းသားလားမသိ။ သူ့မှာ ဖအေမရှိလေတော့ မအေ့ကိုတာဝန်မပေးချင် သဖြင့်လည်းကောင်း၊ သိပ်ပြီးမချောင်လည်ကြသဖြင့်လည်းကောင်း၊ လူငယ်မို့စွန့်စားလိုစိတ်ရှိသဖြင့် လည်းကောင်း၊ လေယာဉ်မောင်းတတ်လျှင်ကြီးပွားနိုင်သဖြင့် လည်းကောင်း ဖြစ်မည်ဖြစ်သည်။ ပြီးတော့ သူ့သူငယ်ချင်း အပေါင်းအသင်းများနှင့် တစ်အုပ်ကြီး ပျော်ပျော်ပါးပါးဝင်ကြသည်။
လေတပ်ထဲဝင်မည်ဆိုသည့်အကြောင်းကို ကျွန်မအားမတိုင်ပင်ပါ။ တိုင်ပင်လျှင် ကျွန်မက ဖျက်မည်အမှန်ပင်။ စစ်သားဘ၀ကို ကျွန်မ မနှစ်သက်။ ဘယ်သူ့ကိုမဆို ပညာကို ဆုံးခန်းတိုင်သင်စေချင်သည်။ အဲသည်တုန်းက တစ်သက်လုံးသာပညာကို ရှာနေရလို၏ဟု ဆုတောင်းမြဲတည်း။
လေထပ်တဲဝင်ပြီး ကျောင်းသို့တဖန်ပြန်လာကာ သူ့ပစ္စည်းများကိုယူသည့်နေ့မှာ ကျွန်မနှင့်တွေ့၏။ ကျွန်မကျောင်းကဆင်းလျှင် တော်မီသည် ဘတ်စ်ကားဂိတ်လက်ဖက်ရည်ဆိုင်မှထွက်လာကာ သူ၏ကျော်ကြားသောအဖြူနှင့်အနက်ကွက်ကျားမြက်ဦးထုပ်ကိုချွတ်၍ နှုတ်ဆက်၏။ ''မနေ့က နှုတ်ဆက်မသွားရဘူး။ ညကကိုယ် တပ်ထဲမှာ အိပ်တယ်'' ဟု ပြောပြ၏။ ကျွန်မက ဘာမှမပြောဘဲ ပြုံး၍နှုတ်ပြန်ဆက်ပါသည်။
အနားရောက်သော် ''ကိုယ် ညက... အိပ်လို့မပျော်ဘူး။ ထပ်ထဲမှာ မျက်စိသိပ်ကြောင်တာပဲ'' ဟုပြောပြပြန်ရာ ကျွန်မလည်း ဘာမှပြောစရာမရှိဘဲ နားထောင်နေလိုက်ပြန်ပါသည်။
''ညက..ကြည့်ကို သိပ်သတိရတာပဲ'' ဟု သူကပြော၏။
"ကြည့်မှာ... ချစ်သူရှိသလား" ဟု မေးပြန်လျှင် ကျွန်မကခေါင်းခါပြလိုက်သည်။
''လူတစ်ယောက်ကို ချစ်ချင်ရင် ဂုဏ်ရှိရမယ်၊ ရုပ်ချောရမယ်လို့ထင်သလား'' ဟု သူက မေးပြန်သည်။
''မထင်ပါဘူး''ဟု ကျွန်မက မှန်ကန်စွာဖြေလျှင် -
''အေးကွာ... ကိုယ်လည်းရုပ်ချော မမက်ပါဘူး။ ကိုယ်လည်း မချောဘဲစိတ်သဘောကောင်းရင် အကြိုက်ချင်းတူရင် ပြီးတာပဲနော်''
တော်မီသည် ကျွန်မနှင့်စကားမပြောဘဲ ငါးမိနစ်လောက်နေကြသည်။သူ့ မျက်နှာ၌ ရွှင်ပျခြင်းကင်း၏။ ကျွန်မအဖို့လည်း သည်လိုအတွေ့အကြုံမျိုးမများလှသော်လည်း အမှန်ပင် မချောက်ချားလှပေ။
''ကိုယ်... ကြည့်ကို ပြောစရာရှိတယ်။ ကိုယ်အခုပြောလို့မတတ်ဘူး။ စာနဲ့ရေးလိုက်မယ် ဟုတ်လား'' ဟု ပြောကာ နှုတ်ဆက်၍ထွက်သွား၏။ ကျွန်မလည်းအိမ်သို့ ပြန်ခဲ့သည်။
စိတ်ထဲ၌ ''ချစ်တယ် ကြိုက်တယ် ဆိုတာတွေပဲ ဖြစ်မှာပေါ့'' တွေး၏။ ကျွန်မ၌ ဘာမှ ထူးကဲတွေးတောစရာမရှိ။ တော်မီကို ကျွန်မ၏ ဝေးကွာလှသေးသည်ထင်သော ချစ်စခန်းကြိုက်စခန်း၌ မထည့်သွင်း။ ချစ်ခြင်းမေတ္တာဆိုသည်ကို စာ၌ ကဗျာ၌သာ တွေ့ဖူးကာ တကယ်စင်စစ်နားလည်းသဘောပေါက်ခြင်းမရှိ။ ကျွန်မ၏နှလုံးသည် လူ့ဘ၀အထွတ်အထိပ်သို့ရောက်လိုခြင်း၊ အောင်မြင်ကြီးကျယ်နိုင်ခြင်းတို့ဖြင့်သာ ပြည့်ကာ အရွယ်ရောက်စမိန်းကလေးများလို စိုရွှန်းခြင်းမရှိရကားအဖြေထွက်ပြီးသား ဖြစ်နေပေ၏။
နောက်တနေ့၌ ဖတ်ရသော တော်မီ၏စာမှာ ခပ်ရိုးရိုးတိုတိုပင်။ ချစ်တယ်ဆိုတာတောင် မပါဘူးထင်သည်။ ''ကိုယ့်စိတ်ထဲ ဘယ်လိုထားမိတယ်ဆိုတာသိလိုက် ပါတော့'' ဟုသာ အထပ်ထပ်တောင်းပန်ထားသည်။ ဘာမှလည်းဖွဲ့ဖွဲ့နွဲ့နွဲ့မရှိလေတော့ ကျွန်မ၌ ကြင်နာခြင်း၊ ယုံကြည်ခြင်းတို့တော့ ဖြစ်ပေါ်လာပေသည်။
ထို့ကြောင့် တစ်ကြောင်ပင် တော်မီ၏ စာတိုစာရှည်များရေးဖြစ်ခြင်း ထင်သည်။ တော်မီ၏စာများမှာ သူတို့တပ်ထဲတွင် ဘယ်လိုနေထိုင်ရကြောင်း၊ ဘယ်လိုပင်ပန်းကြောင်း၊ သူ ဘယ်ရုပ်ရှင်သွားကြည့်ကြောင်းတို့အစချီကာ ပြီးခါနီးမှ ''ကိုယ်ကတော့ ဒီအချစ်ပန်းပွင့်ကို အမြဲမျှော်လင့်နေမိမှာပဲ'' ဟုဆိုလေ့ရှိသည်။ အဲသည်လိုရေး လိုက်လျှင် ကျွန်မစိတ်၌ မသက်မသာဖြစ်မိ၏။ ကျွန်မသည်သာမန်မိန်းကလေးမဟုတ်၊ နောင်တစ်နှစ် နှစ်နှစ်အတွင်းမှာ အများပြည်သူတို့အဖို့ ပြောစရာဖြစ်လာသော -
''ဟောကြည့်စမ်း ပိတောက်ကိုင်းအကြား
ခုနစ်ထွေသက်တန့်တံတား''
စသော ကဗျာသစ်ကိုလည်းကောင်း ...
''ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
အိပ်ရာတွေလည်း၊ ကြေမွတွန့်လိပ်၊
သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်၊
ခိုတွယ်စရာ၊ အတည်မကျ''
စသော ကာရန်သစ်ကိုလည်းကောင်း ရှာတော့မည့်သူဖြစ်လေရာ အချစ်ကို ပန်းပွင့်နှင့် တင်စားခြင်းကို အဆဲခံလိုက်ရသလို ထင်မိတာအမှန်။ ပန်းပွင့်ဆိုသော စကားမပါလျှင် ဘယ်လောက်ကောင်းမလဲဟု စိတ်ထဲတထင့်ထင့်နှင့်နေရာကားသူ့စာကို တစ်ခေါက်က နှစ်ခေါက် ပြန်ဖတ်ဖို့ ၀န်လေးနေပေ၏။
ကျွန်မ၏ စာများကို ကျွန်မ ယခုပြန်ဖတ်မိလျှင်တော့ စိတ္တဇရောဂါပင်ကပ် ဖွယ်ရှိလေသည်။ အကြောင်းမူကား ကျွန်မကရေးသော်လည်း စင်စစ်ကြားဖူးနားဝ စာအုပ်ဖတ်ဖူးသမျှထဲမှ ကောက်နုတ်ချက်များကို စုဆောင်းရေးကာကျွန်မ၏လက် မှတ်ထိုးထားခြင်းသာဖြစ်ပေလိမ့်မည်။ စာတစ်စောင်တလေကိုဖတ်သူမှန်သမျှသည် ကျွန်မ၏အသက်အရွယ်နှင့် လျော်ညီစွာ စိတ်ပျက်ဖွယ်ကောင်းအောင်ပင် မရင့်မာသေးသည့်သဏ္ဍာန်၊ မိန်းကလေးတကာလောက်မှ လူရည်မလည်ဟန်ကို တစ်မုဟုတ်ချင်း ဖမ်းဆုပ်မိပေမည်ထင်၏။ ကျွန်မသည် ထိုစဉ်ကကဗျာဆရာရှယ်လီ၏ သဘောတရားများ အလွန်သက်ဝင်နေရကား ကျွန်မရေးသည့် စာတို့သည် ရှယ်လီသေရာကထ၍ ကိုယ်ထင်ပြသလိုသာရှိချေ၏။ သူ့ကဗျာကို စကားပြေပြန်သည့်အခါ ပြန်၏။ သည်အတိုင်းထည့်သည့်အခါထည့်၏။ တော်မီသည် တော်တော်စိတ်ပင်ပန်းစွာ ဖတ်ရလိမ့်မည် ထင်ပါသည်။

တော်မီသည် ကျွန်မအလိုရှိသလောက် စာဖတ်ဝါသနာပါသူ မဟုတ်သော်လည်း ကျွန်မထက်တော့ နားလည်သိတတ်ခြင်းရှိရင်လည်း ရှိမည်ဖြစ်သည်။သူက တစ်ခါစာရေးဖူးသည်မှာ ...
''ဒီလို အချစ်တရားတွေကို ကြည် ဘယ်လိုရေးနေပေမယ့် ကိုယ့်ရဲ့စိတ်ထားကို သဘောပေါက်မယ် မထင်ပါဘူး။ တစ်နေ့နေ့မှာ ကြည်ကိုယ်တိုင်အချစ်နယ်ထဲ ရောက်မှပဲ နားလည်တတ်၊ ခံစားတတ်မယ်လို့ ဆိုချင်တယ်'' ဟူ၏။
အဲသည်တော့ ဟုတ်များ ဟုတ်မလားဟု ကျွန်မ စဉ်းစားစရာ ခဏတာမျှတော့ ဖြစ်ပြီး တစ်ဖန်ကိုယ့်ဘာသာကိုယ် အထင်ကြီးနေပြန်၏။ တော်မီဟာလူငယ်ငယ်မို့ နီးစပ် ရာမှာငြိတာပဲ။ ဆန်ကြုံစားပဲဟု ဆုံးဖြတ်လိုက်ပြန်သည်။ အမှန်စင်စစ် တော်မီ၏ မေတ္တာဆိုတာကိုလည်း ကျွန်မအယုံအကြည်မရှိ။ တော်မီ့ကို ချစ်တတ်သူရယ်လို့လည်းမထင်။

ချစ်တတ်သူရယ်လို့လည်း မထင်။တကယ်စင်စစ် မချစ်တတ်သူမှာ ကျွန်မသာတည်း။
ကျွန်မသည် ဘယ်လိုပင် ငြင်းဆိုသော်လည်း အမှန်စင်စစ် စည်းကမ်းကြီးသူ၊ တင်းကျပ်သူ၊ ခွင့်လွှတ်ခဲ့သူ ဖြစ်သည်ကို စိတ်ပျက်ဝမ်းနည်းစွာ ၀န်ခံရမည်။
ဥပမာ..
တနေ့မှာ တော်မီပေါက်လာပြီး ရုပ်ရှင်လက်မှတ်ပေး၏။ သူတို့လေတပ်ကို တစ်ခန်းမျှရိုက်ထည့်ထားသော မြန်မာဇာတ်ကား။ အစိုးရဝါဒဖြန့် ခပ်ဆန်ဆန်ရုပ်ရှင်တည်း။ မျိုးချစ်စိတ်တွေ၊ တိုင်းပြည်တာဝန်တွေကို ခုမှကြားသိရသော တော်မီ့အဖို့ ထို ဇာတ်ကားအတွက် အားရပါးရ ပြောစရာရ၏။ ''ဒီကားကို ကြည့်ဖြစ်အောင် ကြည့်ပါ နော်။ ကိုယ့်ကိုတော့ အများကြီးအသိဉာဏ်ပေးလိုက်တာပ'' ဟုသူကဆို၏။
သည်တစ်ခါတော့ ကျွန်မသည် မျက်နှာကိုအရိုက်ခံလိုက်ရသလို နာသွားလေသည်။
အဲသည်ကတည်းက တော်မီကို ဘယ်လိုမှ ချစ်လို့ကြိုက်လို့ရမည်မဟုတ်ဟု တစ်ယူသန်ဖြစ်လာလေသည်။ သူ့ကိုအခဲမကျေနိုင်သလို၊ မုန်းတီးချင်သလိုဖြစ်သည်။အရင်ကလို ဒီတစ်ခါ ချစ်ပြီကွယ်လို့ပြောလိုက်ရ ကောင်းမလားလို့တောင်စိတ်ကူးမယဉ်နိုင်တော့။ ခဏချင်းမှာပဲ အင်မတန် ဝေးကွာခဲ့ကြပြီလို့ ထင်၏။
ထိုအတွင်းမှာပဲ ၀မ်းနည်းစွာ အဖြစ်တစ်ရပ်ဖြစ်ရသည်။
သင်းသင်းက ပြောပြသည်။
"မနေ့က တော်မီ ကိုယ့်ဆီလာလည်တယ်။ ကြည့်အကြောင်းရောက်သွားတော့ ကြည့်ကို သူတစ်ခါတွေ့တယ်။ လိုက်လို့မမီလို့တဲ့''
''ကိုယ် မတွေ့ပါလား။ ဘယ်မှာတွေ့တာတဲ့လဲ''
''ယူနီဗာစီတီမှာတဲ့။ ကြည်က အတန်းဆင်းတော့ သူက အဲဒီရောက်နေရာက မြင်ပြီးပြေးလိုက်တာ။ ကြည်က ဂျစ်ကားနဲ့ဆိုတော့ မမီရှာဘူးပေါ့ကွာ။ နောက်မှသူ့ဘာသာသူသတိရပြီး ရှက်လိုက်တာတဲ့။ သနားပါတယ်''
သင်းသင်းနှင့် ကျွန်မတို့ရယ်မောကြသည်။ သို့သော် သင်းသင်းလည်းမျက်နှာမကောင်း၊ ကျွန်မ၏ ရင်တွင်း၌လည်းဆို့နင့်သည်။ ဒါဟာမကောင်းသောနိမိတ် သာဖြစ်သည်။
(၃)
အကြောင်းမူကား ကျွန်မသည် ယူနီဗာစီတီသို့ လျင်မြန်စွာရောက်လာကာ အပေါင်းအသင်း များလာသောကြောင့်ပင်။ တော်မီ၏ ရုပ်ပုံသည် ကျွန်မ၏ သညာ၌မှေးမှိန်ပျက်ပြယ်လုလုရှိလေသည်။ ဘယ်လိုဘယ်လိုနှင့်သူနှင့်စာအဆက်အသွယ်ပြတ်သွားသည်ကို ယခုထိစဉ်းစားလို့သတိပြန်မလည်။ ကျွန်မ အင်းလျားဆောင်သို့ အပြောင်းမှာ လိပ်စာမပေးမိပဲ နေသည်ထင်သည်။ သည်လိုနှင့် သူကလည်းမရေးတတ်၊ ကျွန်မကလည်း မရေးမိတာနှင့်တူသည်။
သြော်၊ ကျွန်မတို့ ကတောက်ကဆစကားများဖူးသေး၏။
တော်မီက စာတစ်စောင်မှာ ''ကိုယ်တော့ တစ်နေ့ကျရင် ကြည်ဟာကိုယ့်ကို စိတ်လည်လာရမှာ အမှန်ပဲလို့ထင်တယ်'' ဟုရေးလိုက်ရာ ကျွန်မအဖို့ဒေါမာန်ပွ၍ မဆုံးစရာဖြစ်လေတော့၏။ တစ်ဖန်သူက ''ကြည်က အမြဲတမ်းကိုယ့်ကိုတရားဟောနေတာချည်းပဲ။ ကိုယ်လည်းနောင်တော့ ကြည့်ကို ပြန်ဟောနိုင်အောင် ကြိုးစားရဦးမယ်'' ဟုဆိုသေးသည်။ အဲဒီအတွက်တော့ ကိုယ့်ရဲ့ လေမှာလွှင့်ကြွားထားတဲ့ ဘောလုံး ရောင်စုံစပ်ကလေးကို တွယ်အပ်နှင့် အဖောက်ခံရသလို ရှက်ကြောက်ခြင်းဖြစ်ရသည်။ ကျွန်မသည် သူ့ကိုသာမက စင်စစ်တော့ကျွန်မကိုပါ တော်တော်နှင့် ခွင့်မလွှတ်နိုင် ဖြစ်ခြင်းတည်း။
''တရားဟောနေစရာမလိုတဲ့လူဆိုရင် သိပ်ဟန်ကျတာပေါ့။ တော်မီ့မှာသင်စရာ ပြစရာတွေရှိလည်း သင်ပြလှည့်ပါဦး'' ဆိုတာမျိုးကို ကျွန်မကအလွန်ယဉ်ကျေးဝေးကွာသော အသုံးအနှုန်းနှင့် ပြန်ရေး၏။ ပြီးတော့တစ်ဖန် ''တစ်နေ့ကျ တော့်မီကို စိတ်လည်ရမယ်လို့ သေချာနေတာက ငါတော့ဘယ်နည်းနဲ့မဆိုကျနေပြီထင်လို့လား'' ဟု ကျွန်မကရန်ထောင်လိုက်ပြန်သေး၏။ ပြီးတော့ ခါတိုင်း သူငယ်ချင်းများထံရေးသည့် ဒါလင် ဆိုသော အသုံးအနှုန်းကို ဖြုတ်လိုက်လေသည်။
တော်မီကတော့ ကျွန်မသည် သူ့ကို စိတ်ဆိုးမပြေလို့ စာမရေးဘူးဟု ထင်ပေမည်။ ကျွန်မကတော့ ခဏလေးနှင့် စိတ်ဆိုပြေသွားပြီး မေ့လျော့နေတာဖြစ်လေသည်။ ယူနီဗာစီတီသည် ကျွန်မအဖို့တော့ အသစ်တစ်ရပ်တည်ဆောက်ခြင်းဖြစ်ကာ လူဟောင်းများပြန်မပါတော့ချေ။
ပြောခဲ့သည့်အတိုင်းပင် ကျွန်မသည်သာ မချစ်တတ်သူဖြစ်ရကား သံယောဇဉ်လည်း မရှိစကောင်းချေ။ သို့သော် မချစ်တတ်သည့်အတွက်၊ သံယောဇဉ်နည်းပါးသည့်အတွက် ဇာတ်လမ်းတမျိုးဆန်းကြယ်သော်လည်း သံယောဇဉ်မီးတွေလိုပင်ပူပြင်းသည့် ဝေဒနာကို ဆုံတွေ့ရပြန်သေးသည်။
(၄)
ယူနီဗာစီတီ ပထမနှစ်၌ တော်မီ့သတင်းလည်းမကြားရ။ လူချင်းလည်းမတွေ့ရ။ စာလည်းမပေး မရ သူဘာဖြစ်နေသည်၊ ဘာလုပ်နေသည်ဆိုတာ လုံးဝတော့မသိချေ။ သူကလည်း ကျွန်မကို စိတ်ဝင်စားတော့မည်မထင်။

ယူနီဗာစီတီရောက်မှပင် ကျွန်မလည်း လူလားမြောက်သည်ဟုထင်သည်။ အကြောင်းမူကား သည်တော့မှပင် အချစ်မေတ္တာတရားကို သုံးသပ်မိသောကြောင့်တည်း။ ယူနီဗာစီတီရောက်မှ ရည်းစားထားမိသည်ရယ်လို့မဟုတ်ပါ။ ကျွန်မဆိုလိုသည်မှာ ကျွန်မ၏ခန်းခြောက်သော နှလုံးသားတို့သည် ချစ်ခြင်းမေတ္တာကို တောင့်တလာပြီး တောင့်တသည့်အတိုင်းရသမျှကိုလည်း ရပြီရောဟု မလိုချင်ပြောခဲ့ဖူးသလိုပင်စည်းကမ်းတင်းကျပ်ကာ မိဘမေတ္တာကိုတောင်မှ ခြွင်းချက်ကျန်စကောင်းလားဟု မကျေမချမ်း ဝမ်းပန်းတနည်းနှင့် လက်မခံနိုင်ဖြစ်သည်မျိုးကိုတည်း။ သူငယ်ချင်းမေတ္တာကိုလည်း အလိုမကျ၊ နောက်ဆုံးကျွန်မသာ နားလည်နိုင်သည်၊ တန်ဖိုးဖြတ်နိုင်သည်ဟုထင်ကာ စိတ်ကူးယဉ်အထင်ကြီးစွာသော ကိုယ်ကထားသည့် ကိုယ့်မေတ္တာလို့ထင်သည့် အရာသည်ပင် နောက်ဆုံးတော့ ကိုယ့်ဘာသာ ဇာတ်လိုက်ဖြစ်ခြင်း၊ ကိုယ်ကြိုက်သည့်ဝတ္ထု ဇာတ်လမ်းမျိုး ဆင်ခြင်းပါကလားဟု သိရကာ စိတ်အပျက်ကြီးပျက်၊အနာကြီးနာပြီး လူ့ဘ၀၌ တွယ်တာစရာမရှိတော့သလို စိတ်လေလွင့်ခြင်း၊ မချမ်းသာခြင်းများကို ခံစားရသည့် အဖြစ်ကိုဆိုလိုပါ၏။

အင်းလျားဆောင်၌ ကျွန်မရှိစဉ် တချို့မိန်းကလေးများသည် လေယာဉ်ပျံနိမ့်နိမ့်ပျံလျှင် ပြုံးရွှင်စရာရှိသည်ကို တွေ့ရသည်။ တစ်ခါတလေတော့ တပ်မတော်လေယာဉ်တစ်စင်းတလေသည် အင်းလျားဆောင်ပေါ်မှာ ၀ဲပျံကာကစားတတ်၏။ ကျွမ်းစိုက် ထိုးချလာတတ်၏။ သုံးလေးခါမက ဆော့ကစားကာ တမင်တကာ လာရမှန်းသိစေ လေ၏။ လေယာဉ်ပျံ၏ ကြီးပျံ့မည်းမှောင်သော အရိပ်သည်အင်းလျားဆောင်ဟိုဘက် တောင်ပံနှင့် သည်ဘက်တောင်ပံအကြားရှိ လေးကွက်ကြားသော မြက်ခင်း၌ အပြားလိုက် ပြေးသွားတတ်သည်။ ထိုအခါ မိန်းကလေးအများပင် ထွက်ကြည့်ကြသည်။ နောက်ပြောင်စရာရှိသော သက်ဆိုင်သူများကိုအပျက်စကားတွေနှင့်တွန်းထိုးကျီစယ် ဆူညံကြ၏။ မသက်ဆိုင်သူများကလည်းအလိုလိုရွှင်မြူးကာ လက်ကိုင်ပ၀ါဖြူများ၊ ခေါင်းစည်းပ၀ါနီများ လှုပ်ယမ်းပြကြလေသည်။

သည်လိုကြုံလျှင်တော့ ကျွန်မသည် တော်မီ့ကို သတိရတတ်သည်။ ခုနေလေယာဉ်ပျံ မောင်းတတ်နေရောပေါ့။ ရန်ကုန်မှာကောရှိပါ့မလား။ ခုနေဆိုလျှင်စစ်တပ် ထဲမှာနေသားကျလို့ စစ်သားအမူအရာလုံးလုံးပါရောပေါ့။ တော်မီကိုစစ်ဝတ်စစ်စားနှင့် ကောင်းကောင်းမမြင်စဖူးချေ။ ကျွန်မထံလာလည်လျှင် လုံချည်နှင့်သော်လည်းကောင်း၊ အရပ်သားဝတ် ဘောင်းဘီနှင့်သော်လည်းကောင်းဖြစ်သည်။ လုံချည်ဝတ်ဝတ်၊ ဘောင်းဘီဝတ်ဝတ် ဗမာနှင့်မတူတာ သွားသတိရ၏။တော်မီကတော့ သူဗမာစစ်ပါ သည်ရယ်လို့အမြဲငြင်းဆိုမြဲပင်။ ကျွန်မအဖို့ကမူဗမာစစ်တာမစစ်တာတွေ အရေးကြီး လှသည်မဟုတ်ပါ။
အင်းလျားဆောင်၌နေသည့်အတောအတွင်း တော်မီနှင့် တစ်ခါတော့တွေ့လိုက်ရ၏။
တော်မီသည် ကျွန်မ အင်းလျားဆောင်မှာ ရှိမှန်းသိသော်လည်း ကျွန်မက စိတ်ဆိုးနေသည်ဟု ထင်သေးသဖြင့် လာမတွေ့ဘူးဆိုသည်။ သူ့ကိုဖိတ်ခေါ်ဖို့ရာလည်းကျွန်မ မေ့လျော့မိသည်အမှန်၊ သည်လိုပင် လောက၌ ကိုယ်က ခင်သလောက် ကိုယ်အပေါ်ပြန်မခင်သူ၊ ကိုယ့်အပေါ်ခင်သလောက် ကိုယ်ကပြန်မခင်နိုင်သူတွေလူတိုင်းမှာရှိ ကြသည်။ တစ်ခုကလည်း ကျွန်မသည် ရွယ်တူမိန်းကလေးတကာလောက်မှ လောကရေးရာကို နားမလည်သည့် ၁၇နှစ် သမီးအရွယ် မဟုတ်တော့ပြီ။ ကျွန်မ၏ အပေါင်းအသင်းများသည်လည်း စာကိုသာကုန်းကျက်လွန်း၍ ဟုန်ကာ နဂိုဉာဏ်ကောင်းတာ ပျောက်ပြီး စာမေးပွဲတောင် မှန်မှန်မအောင်နိုင်တော့သောသင်းသင်းတို့ကောလိပ် ရောက်၍ ယခု အမ်အက်စီ တက်နေသည်အထိ ၇ တန်းကျောင်းသူတုန်းက အချိုးအတိုင်း တစ်သွေမသိမ်းရှိသေးသော လှလှကြည်တို့သာမကတော့ပြီ။

ကြုံ၍သတိရကာ ပြောပြဦးမည်မှာ -
ကျောင်းတုန်းကအဖော်တွေကို အဆက်ပြတ်မိသည့်အကြောင်းတစ်ရပ်မှာလည်း အစောလင်ယူသွားသောကိစ္စတည်း။
အစောသည် ကျွန်မနှင့် တစည်းတလုံးတည်းပင်။ သမဂ္ဂမှာ အမှုဆောင်တို့ ဘာတို့လုပ်ကိုင်ခဲ့သူတည်း။ အဲသည်တုန်းကတော့ ဆရာကြီးက သော့ခတ်ထားသော တံခါးကို ပြတင်းပေါက်မှန်ခွဲ၍ ခုန်ဝင်ကာလည်းကောင်း၊ ဆရာမက အခွင့်မရှိဘဲ စာသင်ဆဲ စာသင်ခန်းမှ ထွက်ခွာလာကာလည်းကောင်း၊ ကျောင်းသို့ နံနက်စောစောလာကာ လည်းကောင်း၊ ညနေကျောင်းလွှတ်လည်း အိမ်မပြန်ဘဲနေကာလည်းကောင်း အစည်းအဝေးတွေ လုပ်ရတာနှင့်ပင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်စရာထင်နေပေ၏။
အသက်နှစ်ဆယ်တောင် မပြည့်သေးသည့် လူငယ်တွေမို့ စိတ်အားလည်း တက်ကြွနေကြ၏။ အလကားနေရင်း သပိတ်မှောက်ချင်နေ၏။ ဒါတွေထက်ခဏကြာတော့ ထွေးငြိခြင်းကလေးတွေ ပေါ်လာသည်။ အမှုဆောင် အစည်းအဝေးလုပ်ရင်း စိတ်ကောက် ပြီး ပြောဆိုလို့မရသည့် မိန်းမပျိုကလေး တစ်ယောက်စနှစ်ယောက်စကိုတွေ့လာရ၏။ ကိုယ်လို သူလို တွေ့ချင်နေတိုင်း အစည်းအဝေးခေါ်နေသော အတွင်းရေးမှူးကလေးရဲ့ စိတ်ထားကို ရိပ်မိလာကြရ၏။
အဲသည် အချိန်ကောင်းမှာ ကျွန်မသည် သမဂ္ဂမှထွက်ခွာလာခဲ့သည်။
ထွက်ခွာခဲ့သည့် လောလောဆယ်အကြောင်းရင်းကို ပြောပြရလျှင် ယုံချင်မှယုံကြမည်။ ယုံသူထဲကလည်း အများကပင် ကျွန်မကိုအပြစ်မြင်ကြမည်ထင်သည်။
တစ်နေ့သ၌ ကျွန်မကို စာဖြောင့်ဖြောင့်သင်စေချင်သော ဆရာမနှစ်ယောက်သည် ကျွန်မကို ရှေ့တွင်ထားကာ အစော၏အကြောင်းကို ပြောကြသည်။ သူတို့၏စေတနာကတော့ ပညာသင်အရွယ်မှာ ပညာမှတ်မှတ်သင်စေချင်ခြင်းသာတည်း။ ဒါကိုတော့ ကျွန်မသည် ဘယ်သူဘာပြောပြော အမြဲယုံကြည်ကာ သည်လိုအမြဲပင်ပြောနေမည် ဖြစ်၏။
ဆရာမတစ်ယောက်က ''အစောက ချစ်စရာကောင်းတယ်၊ မိုက်လည်းမိုက်တယ်'' ဟုဆိုသည်။
ကျန်တစ်ယောက်က ''သည်အရွယ်မှာ ခက်တာပဲ၊ သူဟာ သူ့ဘာသာသူ ဘာလုပ်လို့ လုပ်နေမှန်း မသိဘူး။ သူ ဘာလုပ်နေတယ်ဆိုတာတွေ ကိုယ်ပြောပြလိုက်ရင်လည်း နားလည်မယ်မထင်ဘူး။ နားများလည်ရင်တော့ သူ့ဘာသာ သိပ်အံ့အားသင့်သွားမှာပဲ'' ဟုပြောသည်။
အဲသည်အချိန်မှာ အစောသည် သမဂ္ဂကိစ္စမဟုတ်သော အမှုဆောင်ယောက်ျားကလေးအချို့ အဖော်ပြု၍ သွားလာနေသော တခြားကိစ္စများ မအားမလပ်ရှိသည်ထင်သည်။ ခင်မင်သော ကျွန်မကိုပင် မသိစေချင်သော အကြောင်းများရှိကာမကြားစေချင်သော စကားများကို တော်ရာမှာသွားပြောကြရသည်။
ဆရာမနှစ်ယောက်၏ ထိုမျှသာပြောလိုက်သောစကားသည် ကျွန်မကိုတုန်လှုပ်ချောက်ချားသွားစေကာ အင်မတန်မှလည်း ရှက်ကြောက်သွားစေသည်။ နေ့ချင်းပဲသမဂ္ဂသို့ ထွက်စာတင်သည်။ ဘယ်သူ့ကိုမှလည်း ငဲ့ညှာခြင်း အားနာခြင်းမရှိ။
အမှန်စင်စစ် သမဂ္ဂမှထွက်ခွာခြင်းထက် လူငယ်အဖြစ်၏ သေးနုပ်နုနယ်ခြင်းမှ ထွက်ပြေးခြင်းမျှသာတည်း။
ကျောင်းပိတ်ခါနီးစာမေးပွဲများဖြေနေကြစဉ်မှာ စာလည်းမရသော၊ အိမ်ကလူကြီးမိဘ ငြိုငြင်ဆူပူခြင်းကိုလည်း ခံရသော အစောသည် သမဂ္ဂထဲမှ ကျောင်းသားလူငယ်တစ်ယောက်နှင့် ထွက်ပြေးလေသည်။
သည်တော့် စည်းကမ်းတင်းကျပ်သော ကျွန်မသည် သမဂ္ဂနှင့်ပတ်သက်သမျှ စင်စစ်တော့ လူငယ်ဘဝကို ခွင့်မလွှတ်နိုင်ဘဲဖြစ်ရသည်။
သို့လျှင် ခွင့်မလွှတ်တတ်ခြင်းဟာလည်း မကြီးရင့်ခြင်းပဲရယ်လို့ မထင်မြင်နိုင်ဘဲ ကိုယ့်ကိုယ်ကိုယ်တော့မှန်တယ် ထင်ကာ ခင်မင်ကြသော မိတ်ဆွေအပေါင်းကိုကျွန်မသည် စကားပင်မပြောဖြစ်အောင် ရှောင်ဆဲ။ ယူနီဗာစီတီသို့ရောက်ကာ ဘ၀အသစ်ကူးပြောင်းခဲ့ပေသည်။
သည်နည်းအတိုင်းပင် တော်မီလည်း ဝေးရာမှကျန်ရစ်ခဲ့ခြင်းထင်ပါသည်။
အမှန်အတိုင်းဆိုရလျှင် ကျွန်မမှာတရားမရှိခြင်းသာတည်း။ ကျွန်မသည် ကျောင်းတုန်းက အပေါင်းအဖော်တို့ကို စသည်အရွယ်အတိုင်းပဲ မြင်နေခြင်းမျှသာတည်း။ သူတို့ကို ကြီးရင့်ခွင့် ကျွန်မက မဆီမဆိုင်းမပေးနိုင်ခြင်း သာတည်း။ ငယ်ရွယ်စဉ်က သေသွားသည့်မောင်လေး၏ ဓာတ်ပုံမှာ အမြဲတမ်း ကြိုးသိုင်းဘောင်းဘီတို၊ နံပါတ်၆ ရှူးဖိနပ်နှင့် အစ်ကိုကြီး၏ ဗက်စလင်ကို ခိုးလိမ်းကာ မနည်းပိအောင်ဖြီးပြီး ခေါင်းတုံးဆံတောက်ကို အဓမ္မခွဲထားသော ဘိုကေနှင့် အင်္ဂလိပ်စာအုပ်ကို ခပ်ကြွားကြွားကိုင်ကာ မလုံမလဲမျက်နှာထား ကလေးများနှင့်ရှိသည်ကို အနှစ်ငါးဆယ်ကြာလည်းသည်တိုင်းမြင် သလို သူတို့ကိုမြင်နေရခြင်းသာတည်း။

တော်မီ့ကိုလည်း အမြဲငယ်ရွယ်နေသည်လို့ ထင်သည်။ သူ့နေရာ စစ်တပ်ဆိုသည်မှာ သေခြင်းတရားကို အရင်းနှီးဆုံးထားသဖြင့် ယောက်ျားတို့ လူလားမြောက်ခြင်းဆိုလျှင် မကင်းဘဲမနေနိုင်ဘူးလို့ ပေါ့ပေါ့ဆိုကြသည့် မိန်းမနှင့်အရက်ဆိုတာမျိုးကို ကျွန်မ လာရောက်ခဲ့သော ယူနီဗာစီတီမှာထက်ပင် လျင်မြန်စွာ တတ်ကျွမ်းခွင့်ရရင်လည်းရမည်။ သည်လိုဆိုလိုက်ပြန်တော့လည်း ကျွန်မသည် ခါးသီးစိတ်နိုင်ပြန်သည်လို့ ပြောကြပေဦးမည်။ သို့သော် ကျွန်မဆိုလိုသည်မှာတော့ လောကမှာဘယ်တစ်ခုကို အထင်ကြီးလို့မှ ဘာကိုမှ စွန့်ပစ်ထိုက်သည်ရယ်လို့ မရှိသည့် အဖြစ်မှန်ကိုသာတည်း။ အားလုံးသောအရာတို့၌ ခြွင်းချက်ရှိသည်ချည်းသာတည်း။ ခြွင်းချက်ကိုမကြောက်သည့် သတ္တိကိုမွေးခြင်းသည် အေးငြိမ်းခြင်းမည်သတည်း။
ပြန်လို့စဉ်းစားပြန်တော့ သည်လိုဆိုခြင်းသည်ပင် လွန်လှလေပြီ။ သည်လိုဆိုရအောင် ဆိုသူကိုယ်နှိုက်က ခြွင်းချက်ကင်းသည်။ အပြစ်မြူမှေးရှင်းစင်သူလေလား။
မီးခိုးကြွက်လျှောက်မဆုံးလောက်အောင် လိုက်လျှင်တော့ ဝမ်းနည်းကြေကွဲခြင်းနှင့်သာ အဆုံးသတ်ဖို့ရှိလေသည်။ သည်တော့ မြေကြီးသီးနှံဖွံ့ဖြိုးစေရန် မိုးကိုသာဝအောင် ရွာဖို့ချန်စို့၊ မျက်ရည်ဆိုသည်ကို ထိန်းကြိုးကလေးချည်စို့။
(၅)
သို့လျှင် တော်မီနှင့် အင်းလျားဆောင်မှာ တစ်ခါတော့တွေ့လိုက်ရသည့်အကြောင်းကို ပြန်ကောက်ရပါဦးမည်။
သင်းသင်းနှင့် စကားစပ်မိ၍ ဖြစ်လေသည်။ သင်းသင်းထံသို့တော့ တော်မီမကြာခဏ ရောက်သည်ကို သိရသည်။ "ဟင်... ဟုတ်လား ကိုယ်တွေ့ချင်ပါတယ်"ဟု ကျွန်မကပြောလျှင် သင်းသင်းက လျှင်မြန်စွာပင် "ဒါဖြင့်... ကိုယ်ပြောလိုက်မယ်လေ၊ ကြည်က လာလည်ပါ ပြောတယ်လို့'' ဟု ဆိုသည်။
''ပြောလေ... ကိုယ့်အခန်းနံပါတ်ပါ ပြောလိုက်။ ဒရဝမ် ရှာရလွယ်အောင်"
နောက်တစ်ရက်နှစ်ရက်အတွင်းမှာပဲ တော်မီရောက်လာသည်။
တော်မီရောက်လာသော် ကျွန်မသည် ဧည့်ဝတ်မကျေပွန်မိချေ။ မတွေ့တာ ကြာတော့ စကားပြောလို့လည်း မကောင်းလှ။ ခပ်စိမ်းစိမ်းဖြစ်နေသည်။ တော်မီသည် အသားညိုသွားပြီး အရပ်ရှည်လာသည်ကို သတိထားမိ၏။ အရင်လို ကျောင်းသားကလေးတစ်ယောက်မဟုတ်တော့ပြီဆိုတာလည်း သူ့အမူအရာမှာထင်ရှား၏။ အရွယ်
ရောက်သော လူငယ်တစ်ယောက်ဖြစ်ပြီ။ သူ့၌ပြုံးရွှင်နောက်ပြောင်တတ်သော မျက်နှာထားလည်း မရှိပြီ။
ကျွန်မတို့သည် အင်းလျားဧည့်ခန်းတွင်းသို့ မဝင်ဘဲ အပြင်၌ ခုံရှည်ပေါ်မှာ ထိုင်ကြ၏။ ကျွန်မထံလာနေကျ ဧည့်သည်တစ်ယောက်မဟုတ်သည်ကို သိဟန်ဖြင့် ရခိုင်ပြည်သူတစ်ယောက်က ရပ်၍ကြည့်နေသေး၏။ တော်မီက ဘောင်းဘီရှည်နက်ပြာနှင့် လည်ပင်းက လည်စည်း သက်တောင့်သက်သာနှင့် ရုပ်ကဗမာမဆန်တော့ ဆန်းတယ်လို့ထင်ချင်လည်းထင်မည်။
ရုတ်တရက် စကားများစွာ မပြောမိ။ တော်မီက ဗြုန်းခနဲ သူပြောချင်ရာကိုကောက်ပြောသည်။
''သတင်းကြားပါတယ်။ ကိုယ့်သူငယ်ချင်းတွေက လာလာပြောကြတယ်''
''ဘာ သတင်းကြားသလဲ'' ဟု ကျွန်မက တိတိကျကျမေးလိုက်လျှင် -
"ကိုယ်ကတော့ မယုံပါဘူး။ ကြည်က ဝန်မခံသမျှ ဘယ်တော့မှ မယုံဘူး။ ပြီးတော့ မျှော်လင့်ချက်ဆိုတာ ခက်သားပဲ။ ဘယ်တော့မှ မဆုံးနိုင်ဘူး တောတော်နဲ့မပျောက်ပျက်နိုင်ဘူး''
''ဘာသတင်းကြားလဲ ..ပြောပါဦး''
''သြော်... ကြည့်ဘေးမှာ အမြဲတမ်း လူတစ်ယောက်ရှိနေတယ် ဆိုတာပေါ့''ဟု သူက ယဉ်ကျေးအေးဆေးစွာပြောသည်။
သူသည် မျက်လွှာများချထားသည်။ သူစကားအမှန်ပြောသည်လို့လည်း ယုံကြည်ရသည်။ ကျွန်မပြောသည့် စကားကိုသာ ယုံမည်ရယ်လို့ သူ့စောင့်ဆိုင်းနေသည်ကို သိရပါ၏။
ကျွန်မကမူ ပေါ့ပေါ့ဆဆရှိသည်။ ထိုခဏမှာ မာရ်နတ်သည် ခြေဖျားထောက်၍ နောက်တောက်တောက်ကသည်ကို မမြင်မိပါ။ စင်စစ်ထိုခဏမှာကျွန်မသည် ယခင် ကျောင်းသူ ၁၇ နှစ်အရွယ်ကထက် ၂ နှစ်မျှသာ ထူးကဲလို့ကြီးသော်လည်း နှစ်ဆမျှတော့ ကြီးရင့်သိတတ်ကာလာပြီထင်သည်။ အရာရာ၌ သိတတ်လိုသော၊ အနုပညာကို မြတ်နိုးသော၊ အလှကိုစုံမက်သော၊ အပြစ်ကင်းတာကိုကြိုက်သော၊ ကဗျာကိုချစ်သော၊ အပျက်ကို မမြင်ချင်သော လူငယ်ဟူသမျှတို့၏တွေ့ခွင့်ရှိသမျှ စိတ်ဒုက္ခသုခဝေဒနာတို့တွေ့ ကြုံခံစားဆဲရှိကာ ထုံးစံအတိုင်းပင် မျှော်လင့်ချက်နှင့် မကိုက်သဖြင့် ဘုံခုနစ်ဆင့်ထက် ကြည့်ပြီးမှ နတ်သမီးရှာမရ သဖြင့်ဗုန်းခနဲမြေသို့ကျသောအဖြစ်ကို ရှေ့တွင်မြင်ကာရပ် တည်မရသည့်အချိန်တည်း။ ကြီးမြင့်လိုချင်းလည်း မရှိပြီ။ ကျော်ကြားခြင်းကိုလည်း သတိမရပြီ။ မေတ္တာတစ်ခုသာအားကိုးစရာ ကျန်သော်လည်းအားကိုးဖွယ်မမြင်။
ထို့ပြင် အဲသည်အချိန်မှာကျွန်မသည် တော်မီ့ကိုသာမက ဘယ်သူ့ကိုမှ မလောက်လေးမလောက်စားပမာဏ မထားပြီ။
ထို့ကြောင့် ပေါ့ပေါ့ဆဆ ရှိသည်ဆိုသည်မှာ နေရာတကာမှာ စိတ်ပျက်လက်ပျက် ဖြစ်နေခြင်းသာတည်း။
ထို့ကြောင့် ပြောမိ၏။
''တော်မီက အရင်စိတ်အတိုင်း ရှိသေးတယ်လား''
''ကိုယ့်ကို ဘာများအောက်မေ့လို့လဲ။ အရင်အတိုင်းပဲ ဘာမှမလွဲဘူး''
''ဒီလိုဆို ၀မ်းနည်းစရာကြီးပေါ့''
''တကယ်လား'' ဟု သူကမေးသည်။
''တကယ်ပါ ဘာကြောင့်လဲဆိုတော့ တော်မီ ကြားတဲ့သတင်းကိုမမှန်တောင် မှန်အောင် လုပ်မယ်လို့ စိတ်ကူးထားတယ်။ မှန်အောင်လုပ်လို့ ရသည်ဖြစ်စေ၊ မရသည်ပဲဖြစ်စေ တော်မီအတွက်တော့ ဘာမှမကျန်ဘူး''
သည်အတိုင်းပင် ကျွန်မသည် မရည်ရွယ်ဘဲနှင့် အကြင်နာကင်းစွာ ပြောမိလေသည်။
တော်မီက ဒေါသသံနှင့် -
''ဒါဖြင့် ကိုယ်မေးတုန်းက ဘာဖြစ်လို့ ချစ်သူ မရှိပါဘူးလို့ ပြောသလဲ''
''မေးတုန်းက ရှိမှ မရှိဘဲ''
သူက ၀မ်းနည်းသွားသည်။
"သြော်... ဒီလိုလား"
ကျွန်မ တကယ်ပြောပြချင်သည်မှာတော့ တော်မီနှင့် ကျွန်မသည် ကျောင်းမှ ထွက်လာကတည်းက အလွန်ဝေးကွာခဲ့ကြပြီဆိုသည်ကိုသာတည်း။ အခြေအနေများသည် ဆက်စပ်လို့ မရတော့ချေ။ တစ်ဘဝစီပမာ ပြောင်းလဲခဲ့လေပြီ။ တော်မီက သည်အတိုင်းရှိပါသေးသည်လို့ ဇွတ်ဆိုလည်း ကျွန်မအဖို့တော့ ဇွတ်ပင် ဆိုလို့မဖြစ်ခဲ့ပြီ။ ကျွန်မ ၈ တန်းတုန်းကဓာတ်ပုံများကို ပြန်မြင်ရုံပင် သည်လျှင် ယခုကျွန်မအဖို့စိတ်အနှောင့်အယှက် ဖြစ်စရာဖြစ်ရသည်။ ဘယ်ဟာက ပိုကောင်းတယ်လို့ဘာမှဆိုလိုခြင်းရှိလို့တော့ မဟုတ်ချေ။ ကျောင်းတုန်းက မှန်မှန်ရေးခဲ့ဖူးသောစာရေးစက္ကူအပြာနုကို ချုပ်ထားသည့် ဒိုင်ယာရီစာအုပ်များကို ပြန်ဖတ်မိလျှင် ကြက်သီးမွေးညင်းများထကာ အရင် ကိုယ်ကိုလား၊ ယခုကိုယ်ကိုလားမသိ၊ ကြီးစွာသော မနှစ်မြို့ခြင်းဖြစ်မိ၏။ ထိုဒိုင်ယာရီ စာအုပ်များကိုလည်း ယခင်က ရတနာသိုက်မပာ ဖုံးကွယ်သိမ်းဆည်းခဲ့သလောက် ယခု ပစ်စလက်ခတ် ယောက်ယက်ခတ်ကာ ပျောက်ပျက်တတ်ချေပြီ။
ဝမ်းနည်းစရာကောင်းသည်မှာတော့ တစ်ခုတည်းသာတည်း။ ၈တန်းကျောင်း သူဘ၀က ကျွန်မသည် တော်မီ့ကို ခင်လည်း ခင်လျက် လိုလည်းလိုလားပါလျက် စိတ်နေမြင့်ခြင်းကြောင့် ဇာတ်လမ်းမလှခဲ့သည်ကို သာတည်း။ ငယ်ရွယ်သူကလေးနှစ်ယောက်၏ ကြည်နူးစရာ အချစ်ဇာတ်ကွက်ကလေးတစ်ကွက်သည် လောကမှာ ယုတ်လျော့ ပြယ်ပျက်ရခြင်းသာတည်း။ ပန်းချီအလှဆွဲလို့မရခြင်းပင်တည်း။ သည်လို အင်မတန် ဖြစ်နိုင်သည့်အချိန်၊ ဖြစ်လို့ကောင်းသည့်အချိန်ကတောင်မှ ဇာတ်လမ်းအလှ ကဗျာစပ်၍ မရခဲ့သည်ကို ယခုအထိ စိတ်မပြောင်းလဲသေးပါဘူးဟု တော်မီဆိုနေခြင်းသည် အလွန်တရာမှ ၀မ်းနည်း ကြေကွဲစရာအဖြစ်သာ ဖြစ်လေတော့သည်။
ဒါကိုများ တော်မီနားလည်အောင် ကျွန်မပြောပြနိုင်ခဲ့လျှင် ပြောပြနိုင်ဖို့လေးလေးစားစား ကြိုးစားခဲ့လျှင် ကျွန်မအဖို့ ယခုအခါမှာ စိတ်မသက်မသာဘာမှ ဖြစ်စရာမရှိ။
ခုတော့ ကျွန်မသည် တော်မီ၏ မာနကို မြှောက်ထိုးပင့်ကော်လုပ်သလိုသာ ပြောခဲ့မိလေသည်။ သူ့ကို ရည်ရွယ်ချက် မရှိဘဲ စော်ကားသလိုလည်းဖြစ်ရသည်။
တော်မီက "ဒီလိုဆိုရင် ကိုယ့်အဖို့ ဘာထူးတော့လဲ အလကားမျှော်လင့်လာတဲ့ ဒီကိစ္စကို ဖျက်ဆီးပစ်လိုက်ရတော့မှာပေါ့"ဟု ဆို၏။
"ဘာပြောတာလဲ"ဟု ကျွန်မက နားမလည်နိုင်ဆဲ -
"ကိုယ့်လက်ရှိဘဝကို ပြောင်းပစ်ရမှာပေါ့"
" ကောင်းရာကို ရောက်ရင် ပြီးတာပဲ"ဟု ကျွန်မက ပြောင်စီစီပြောသေး၏။
"ဖျက်ဆီးပစ်လိုက်မယ်" ဟု သူကဆို၏။ ပြီးတော့ ကျွန်မ၌ ပြောစရာရှိမလားရယ်လို့ ခဏစောင့်၏။ ပြီးတော့ နှုတ်ဆက်ပြီး ပြန်သွားသည်။
ကျွန်မက ''အမယ်မင်း..လမ်းမှာ ကားတွေ ဘာတွေ တိုက်နေဦးမယ်နော်''ဟု နောက်ပြောင်လိုက်သေးသည်ကို သူက ခေါင်းညိတ်ညိတ်ပြုံးစေ့စေ့ဖြင့် ''အင်း ဖြစ်ချင် ဖြစ်နိုင်တယ်ဆရာ'' ဟု ပြောလေသည်။
ည မိုးချုပ်လျှင်တော့ ကျွန်မသည် အနည်းငယ်စိတ်ပူပင်လာပြီး အတူနေသည့် သူငယ်ချင်းအား ပြောပြမိသည်။
သူက ကျွန်မကို ''အလိမ္မာမရှိဘူး'' ဟု အပြစ်တင်သည်။
''စကားလှလှပပ ပြောနေရအောင် ၀တ္ထုရေးနေတာမှ မဟုတ်ဘဲ။ဒါတကယ် ဖြစ်နေတာကွ။ ၀တ္ထုထဲမှာလို စိမ်းကားတဲ့သူထံက ပြန်အလာ ကမူးရှူးထိုးနဲ့မို့ မိုးတွေကလည်း ရွာတုန်း လော်ရီကားက ၀င်တိုက်မှာ မဟုတ်ဘူး။အိမ်ရောက်အောင် မ၀င်ဘဲ ရန်ကုန်မြစ်ထဲဆင်းပြီး ကဗျာတစ်ပိုင်းတစ်စ ရွတ်လို့ရေပြင်မှာ ပျောက်ကွယ်သွားမှာလည်း မဟုတ်ဘူး''
''ဒါနဲ့... သူ မျက်ရည်လည်နေတယ်ဆို''
"ထင်တာပဲ။ မသိပါဘူး။ ဒီလောက်ဖြစ်တယ် ထင်ရအောင်လည်း ကိုယ်က ကိုယ့်ကိုယ်ကိုယ်တယ် အထင်မကြီးဝံ့ဘူး။ သူ့နှုတ်ခမ်းတုန်ချင်သလားလည်း မသိပါဘူးလေ။ ကိုယ်က ဒါတွေဟာ အပြင်မှာ တကယ်ဖြစ်နိုင်တယ်လို့ကိုထင်လို့မရဘူးကွ၊ဒါမျိုး တွေ့ချင်ရင် ဘိုင်စကုတ်ရုံသွားသွားကြည့်ရတယ်''
သူငယ်ချင်းဖြစ်သူက ''မင်းဟာ ..အချစ်တရားဘယ်လိုဟောပေမယ့် တကယ်တော့ သူလိုကိုယ်လိုလောက်တောင် ချစ်တတ်ခင်တတ်တာ မဟုတ်ပါဘူးကွာ။ စိတ်ထဲမှ ခံစားရလို့ အမူအရာလှုပ်ရှားလားတာလေးတွေကို မင်းနားမလည်ပါဘူး" ဟုပြောတော့ ကျွန်မသည် ''ကိုယ်ဆက်ဆံပုံမှားသလား'' ဟု ပူပင်လာမိလေသည်။
"အို... ကိစ္စတော့မရှိပါဘူး. စိတ်ညစ်တယ်ဆိုရင် ညကျတော့ အရက်မူးအောင် သောက်ရုံ၊ အော်ရုံ၊ ဟစ်ရုံပေါ့။ ပြီးတော့ အိပ်ပျော်သွားလိမ့်မပေါ့''
ရုတ်တရက်တော့ ဒီလိုပြောပုံကို မနှစ်မြို့သလိုဖြစ်သွား၏။ ပူဖောင်းကလေးပေါက်သွားလို့ သက်သက်ရယ်မဟုတ်ပါ။ တော်မီ ၈တန်းကျောင်းသူကို ကြာရှည်ချစ်တတ်သည်လို့ ပြောသည့် တော်မီသည် ကျောင်းသားလေးမဟုတ်တော့ဘဲ အရက်မူးတတ် အော်တတ်ပြီးတော့ နားမူးနားထိုက်း အိပ်ပျော်သွားတတ်သည့် စစ်သားတစ်ယောက်ပါ ကလားရယ်လို့ မသိမြင်ချင်သောကြောင့်ပင်။ သည်လိုမြင်လိုက်ရလျှင် စောစောကလို ပေါ့ပေါ့ဆဆသဘောထားလို့ မဖြစ်တော့ဘဲ ရှိမည်ကိုလည်း သိရှိဝန်လေးနေပေ၏။
သူ့ကို အနည်းဆုံး သူ့ရဲ့မာနတို့၊ သူ့ကိုယ်သူ ယုံတာတို့ကိုတော့ ငါနည်းနည်းလေးစားဖို့ကောင်းတယ်။ အရိုအသေ ပေးဖို့ကောင်းတယ်။ သူငယ်ချင်းမိတ်ဆွေအဖြစ်ကိုလည်း မထောက်ညှာသလို ရိုင်းစိုင်းသလို ဖြစ်နေမှာပဲ စသည့်ဖြင့် ကိုယ်ဘာသာကိုယ်မကျေမနပ်တစ်ညလုံးဖြစ်နေမိသေး၏။
မိုးလင်းတော့လည်း ပြီးသွားလေသည်။
သည်မျှပဲလို့လည်း အောက်မေ့နေသည်။
သို့ရာတွင် နောက်တပတ်ခန့်၌ တော်မီ သေဆုံးသည့်သတင်းကို မမျှော်လင့်ဘဲ ကြားရသည်။
(၆)
၁၉၄၇ ခုနှစ်၌ ယူနီဗာစီတီ မိန်းကလေးတစ်ယောက်ကို တွေ့ဖူးသည်။သူ သည် တကယ်တော့ ဘာမှ ချီးမွမ်းစရာမရှိသော အမေရွယ်အမကြီး၏သွန်သင်ချက် ဖြင့်ကြီးပြင်းလာ၏။ သူ့၌ လင်ကောင်းကောင်းရဖို့တစ်ခုသာ လူ့ဘဝ၌ မျှော်လင့်ချက်ထား၏။ လင်ကောင်းကောင်းဆိုသည်မှာလည်း တက္ကသိုလ်ဘွဲ့ ရာထူးနှင့် ကား ပါသူများတည်း။ သို့သော်သူသည် နယ်ကျောင်းမှ ရောက်လာပြီး သူ အလိုရှိသလောက် အထက်တန်းမကျတတ်၊ ဗိုလ်မဆန်တတ်ဖြစ်ကာသူ့ကိုယ်သူလည်းသိပြီး အနည်းငယ်စိတ်ပူနေလေ့ရှိသည်။ ဥပမာ - စစ်ပြီးမှ ကွန်ဗင့်ကျောင်း၌ တစ်နှစ်မှ ကမန်းကတန်း ပြေးနေပြီး အင်္ဂလိပ်နာမည်ရလာသည်ကို အင်္ဂလိပ်စကားကောင်းစွာ မပြောတတ်သည်နှင့် ရဲရဲအသုံးမပြုခြင်းမျိုးဖြစ်သည်။ သို့သော် သူသည် အလိမ္မာဖက်တတ်ရကား များစွာသော ကျောင်းသူတို့လို ဣနြေ္ဒမရမလုပ်ဘဲ ကလေးပမာ ဖြူစင်သန့်ရှင်းပါသည် ဟူသောဆိုင်းဘုတ်ကို မျက်နှာ၌ဆွဲချိတ်၏။ လိုလားအပ်သော လူငယ်များကို တွေ့တိုင်းတော့ ထိုဆိုင်းဘုတ်အကာအကွယ်ဖြင့် ပေါင်းသင်းဆက်ဆံ၏။ ထို့နောက် သူသည် အင်မတန်လှပ၍လိုချင်သူပေါများလှပါသည်ဟူ၍ လူတကာကသူ့ကို တန်ဖိုးထားစေ ချင်ခြင်းဖြင့် အလဟဿ စိတ်မောနေလေ့ရှိလေ၏။
ထိုမိန်းကလေးကို တွေ့တွေ့ချင်း သိမ်ဖျင်းသော စိတ်ရှိသည်ရယ်လို့ယူဆလိုက်ပြီး မလိုလားပါဘဲလျက် ရင်းနှီးခင်မင်လာရ၏။ သို့သော် ကျွန်မသည်သူ၏သာမန် စိတ်ထားထားရှိခြင်းကို ခွင့်မလွှတ်နိုင်ဘဲရှိသည်။ ကိုယ့်သူငယ်ချင်း ဖြစ်လာလေ အပြစ်ပို၍ ယူလာလေတည်း။ ကျွန်မ၏ ဖျင်းချက်ကိုလည်း သိပါသည်။ အဲသည်ဟာမှာ စင်စစ်တော့ ကျွန်မသည် ငါဟာ သူလို မိန်းကလေးစား မဟုတ်ရယ်လို့အထင်ကြီးခြင်းပင်။
သူသည် အသက် ၂၄ နှစ်ကျော်၍ အစိတ်ရှိပြီရယ်လို့ အနည်းဆုံး အတွင်းသိ ကျွန်မကို ဝန်ခံရဖို့ နီးကပ်လာသော် လင်ကိစ္စ၌ ထင်တိုင်းပေါက်ပါ့မလားရယ်လို့ နေမထိထိုင်မသာရှိလေပြီ။ ပြီးတော့ ကျွန်မလို အသက်နှစ်ဆယ်ကျော်မှဗြုန်းခနဲ လူလားမြောက်ပြီး သူများလောက် သိတတ်လာရသူမဟုတ်ဘဲ လောကီရေးရာ၌ ၁၁နှစ် သမီးခန့်လောက် ကျွမ်းကျင်လာရကား အပျိုသက် အင်မတ်ရှည်နေပြီး ချစ်မေတ္တာဆိုတာကိုလည်း လျော်ကန်သင့်မြတ်စွာပင် တောင့်တမိလေသည်။ပြီးတော့သူ့ရဲ့အလှသည် လူကြိုက်များသည်ရယ်လို့ ထင်ချင်စိတ်ကလေးကိုလည်း ဆက်လက်ယုယ မထားနိုင်မှာကို ရှက်ကြောက်ခြင်းလည်းရှိသည်။ သို့လျှင် တစ်နေ့သ၌ သူ့မှာ ပြောစရာဝတ္ထုတစ်ပုဒ် ရှိသည်။
သူ့ဝတ္ထုကလေးသည် စိတ်ကူးယဉ်တစ်ဝက်၊ အဖြစ်မှန်တစ်ဝက်လို့ ကျွန်မထင်သည်။ ပြောပြသူ ဇာတ်လိုက်မကလေးက  ကိုယ်ဂုဏ်သရေလည်းမထိခိုက်အောင်အလိမ္မာအတိရှိသည့် အသုံးအနှုန်းကို ရွေးချယ်သည်ဆိုတာလည်းသိရသည်။ ဇာတ်လမ်းက ကြေကွဲဖွယ်လည်းကောင်းသည်။ မမေ့နိုင်စရာလည်း ဖြစ်သည်။ ဝတ္ထု၊ ပြဇာတ်တို့၏ အပြင်းထန်ဆုံး၊ အစူးရှဆုံးသော အရသာလည်းပါသည်။ အကြောင်းမူကား အချစ်နှင့် အချစ်အတွက်သေခြင်းတို့ကို ဖွဲ့ခြင်းကြောင့်တည်း။
တစ်နေ့သ၌ ဆေးရုံတက်ရသော မိန်းကလေးတစ်ယောက်နှင့် တာဝန်ကျသော ဆရာဝန်လူငယ်တစ်ယောက်တွေ့ဆုံခင်မင်ကြသည်။ အစ်ကိုကြီးလို သူကခင်ဆဲ ညီမလေးလို မခင်နိုင်သူက ရှိသည်။ ထို့တက်အရေးကြီးသည်မှာ ဆရာဝန်ကလေးက အသက်ငယ်သော်လည်း သားနှင့်မယားနှင့် ရှိနှင့်ပြီမို့ပင်။ ပြီးတော့လည်း ညီမလေးက လောက၌ပြုသင့်သောအမှုများမှာ မသွေဖည်သူ၊ ကိုယ်စိတ်နှလုံးကိုထိန်းသိမ်းစောင့်ရှောက်နိုင်သူ ဖြစ်၏။ ပြီးတော့ အချစ်ဇာတ်လမ်းသည်တစ်ဖက်သတ်ဇာတ်လမ်းမျှ သာဖြစ်သည်ရယ်လို့ ဇာတ်လိုက်မလေးက တင်းတင်း ကြပ်ကြပ်ဆို၏။ ဇာတ်လိုက်မလေးသည် နောက်အခါ၌ ဘယ်သူဖြစ်စေ လင်တော်စပ်လာမည့်သူကို မျက်နှာထားဝင့်ဝင့်၊ အသံခိုင်ခိုင်နှင့် ကြိုးတစ်မျှင် မရှုပ်ခဲ့ပါသည် ရှင်ရယ်လို့ ပြောနိုင်သည်အထိပင် တစ်ဖက်သက်ကျသော ဇာတ်ပါတည်းဟု ဆို၏။
သို့သော် ''လို၍မရသော ဆင်းရဲခြင်း'' ရယ်လို့ ဆရာဝန်ကလေး၏သင်္ချိုင်းဂူမှာ ကမ္ပည်းထိုးရမည့် အဖြစ်သို့ရောက်သော် ညီမလေးသည် ၀တ္ထုကို ပို၍ပြင်းထန်စေလိုသော ကြောင့်လား၊ တစ်ခါတစ်လေ နှလုံးမခိုင်ကောင်းသည်ရယ်လို့ ဆုံးဖြတ်လေသလား မသိ၊ မျက်ရည်တော့ကျသည်။ မကျဘဲနေနိုင်ရိုးလား ရယ်လို့ကိုယ်တကယ်ယူသည့် လင်ကို အာခံဝံ့နိုင်ရမည်လို့လည်း အားတင်းဟန်ရှိသည်။ အကြောင်းကား သူ့ခမျာ သေရရှာသည်၊ ကိုယ့်ကြောင့်မဟုတ်လား၊ သူ့ခမျာသည် အများလက်ခံသည့်တရားတွေကို တော်လှန်လို၏။ ချစ်ခြင်းမေတ္တာတစ်ခုသာဘက်တော်သားအဖြစ်လိုက်ကမည့်သူ ရှိသောလောက၌ နေမည်ကြံ၏။ သို့သော်တုံ့ပြန်ခြင်းမရှိသော အချစ်သည် အချည်းနှီးတည်း။ ဆရာဝန်ကလေးသည် ထိုအချည်းနှီးသော အချစ်ကို စစ်မြေပြင်သို့ သောင်းကျန်းလေ၏။ အကြောင်းမူကား ငယ်ရွယ်နုပျိုခြင်း၊ မျှော်လင့်ချက်၊ အစွမ်းသတ္တိစသည့် လူ့အရည်အချင်းတို့ကိုတခြားနေရာထက် စစ်မြေပြင်က ပို၍ လျင်မြန်စွာ ဖျက်ဆီး အဆုံးသတ်တတ်သောကြောင့်တည်း။ စစ်မြေပြင် သေမင်း၏ ခမ်းနားကြွယ်ဝလှသော ဧည့်ခန်းဆောင်ဖြစ်လေသည်။
ကျွန်မ၏ သူငယ်ချင်းကလေးသည် သူ့ဝတ္ထု၌ ချို့ယွင်းချက်များစွာ မရှိဘူးဟု ထင်သည်။ ဝတ္ထုဇာတ်ကောင်များနှင့် သက်ဆိုင်သော အသက်ရှိသေးသည့် ဆွေမျိုး မိတ်သင်္ဂဟများကိုလည်း အားနာမှုမကင်းဟန် ပြပြန်လေတော့ ဝတ္ထုလေးသည်ပို၍ အဖိုးတန်လာပြန်၏။ သို့သော် ကျွန်မ၏ သူငယ်ချင်းသည် ဆေးရုံကို ရှောင်ကွင်း၏။ မျက်နှာချင်းဆိုင် တွေ့တော့မည့်ဆဲဆဲ ကိုယ်ကဦးအောင် ရှောင်ပြေးရသည့်အကြောင်း သိသူများကိုလည်း စကော့ဈေး၌ စနေနေ့များမှာ ပြတ်ခနဲ ကြို၍မြင်ရတတ်သည်။သူတို့ထဲမှ အချို့က အပြစ်ဆိုချင်သည်။ အချို့က ပြောပြစရာတွေရှိသေးသည်။ အချို့ကမူ သူ့ကိုမှန်ကန်သည်။ လုပ်ပုံဟုတ်ပေသည်လို့ ချီးမွမ်းချင်သည်။ မိန်းကလေး ခမျာကတော့ အတိတ်ကအငွေ့ကို တစ်ဆိတ်တော့မေ့ချင်ပြီ။ ကိုယ်က သန့်ရှင်းခဲ့သူပီပီပေါ့။
ထိုခဏ၌ ရှိုက်သံညှင်းညှင်းလေးသည်တော့ ဘယ်သူ့ရင်ကို ပြေးလို့ဆောင့်လိုက်သလဲ မသိ။
(၇)
ကျွန်မသည် တော်မီ့အကြောင်းပြောရာက ဗြုန်းခနဲ ကောက်၍ သူငယ်ချင်းမ၏ ဝတ္ထုဆီသို့ ရောက်သွားသည်မှာ အကြောင်းရှိ၍ ဖြစ်ပါသည်။ သူငယ်ချင်းမ၏ ဝတ္ထုသည် ဝတ္ထုတို့ထုံးစံအတိုင်း အဆုံးသတ်၌ တောင်ထိပ်သို့ရောက်ပါ၏။ သို့သော် အပြင်မှာကျတော့ တောင်ထိပ်မှ လိမ့်ကျခြင်းကို တွေ့လိုက်ရသော ကြောင့်တည်း။
ဆရာဝန်လေး၏ သူငယ်ချင်းတစ်ယောက်နှင့် ကျွန်မ၏ တုပ်ကွေးရောဂါကို ကုဖို့ကြုံရစဉ်ကပင် ဆရာဝန်လေးသည် ပညာအရာ၌ ကျော်ကြားသူမို့တကြောင်း သူ့အကြောင်းရောက်သွား၏။ သူသေဆုံးရသည့် အကြောင်းကို ရိုက်ချင်စရာကောင်းအောင်ပင် ဤကဲ့သို့မလှမပပြောကြသေးသည်။
"ဟာ.. လူကတော့ လူတော်ပဲ။ လူက မိုက်ကန်းကန်းပေပေတေတေဗျ။အရက်ကလည်း ၁၅ နှစ်သားကတည်းက ကြိုက်လာတာ။ သူ့မိန်းမရွာ သွားလည်ရင်း ကင်းစောင့်သမားတွေနဲ့အရက်ဝိုင်းဖွဲ့ဆိုလားပြီးတော့ မူးမူးနဲ့သေနတ်ဆွဲ ရွာပြင်ထွက်ပြီး ဆဲဆိုလား။ ကွန်မြူနစ်တွေက ပစ်သတ်တာ သေရှာရော။ သူ့မိန်းမရွာက အစိုးရတပ်နောက်ဆုံးစောင့်တဲ့ ရွာဗျ။ အဲသည်ဟိုဘက်ဆို ကွန်မြူနစ်နဲ့ ရိုးမတောင်ပဲ ရှိတော့တာယ်"
ကျွန်မသည် တော်မီ၏အကြောင်းကို ပြောပြရာမှာ ကျွန်မသူငယ်ချင်း၏ ဝတ္ထုနှင့်ဆင်သွားမှာကို ကြောက်ပါလှသည်။ ကျွန်မအပြော မလိမ္မာမှာကိုလည်းကောင်း၊ စာဖတ်သူတို့ သတိလစ်မှာကိုလည်းကောင်း ပူပင်ပါလှသည်။ ထို့ကြောင့်ဆိုချင်းဆိုလျှင် ထပ်၍ဆိုချင်သည်မှာ ငယ်ရွယ်သူကလေးတွေမို့ အချစ်ဆိုတာကို
အရင်းပြုရသော်လည်း အစ၌ပြောခဲ့သလိုပင် စင်စစ်တစ်ယောက်၏ စိတ်နေမြင့်ခြင်းနှင့် တစ်ယောက်၏ မိုက်မဲမှု တို့တိုက်ခိုက်ခြင်းသာတည်း။ အသက်ကြီးခြင်း၏အုပ်ချုပ်မှုမရှိသဖြင့် လက်လွတ်စပယ် ဖြစ်ခြင်းသာတည်း။ သည့်အတွက်သာလှပ၍ကြေကွဲစရာ ကောင်းသည်ဟုဆိုခြင်းဖြစ်သည်။ သို့မဟုတ်လျှင် အစစ်အမှန်မရှိသည့်အတွက် ရုပ်ပျက်ဆင်းပျက် ဖြစ်ပေလိမ့်မည်။
စင်စစ် တော်မီသေဆုံးသည့် အကြောင်းကို ဘာမှ စေ့စေ့ငင ကျွန်မ မပြောနိုင်ပါ။ တော်မီသည် သောင်းကျန်းသူများကို လေယာဉ်နှင့် ဗုံးကြဲရင်းဆိုလား၊ စက်သေနတ်ပစ်ရင်းဆိုလား တိုက်ခိုက်ရင်းစစ်ပွဲမှာ ကျဆုံးခြင်းတည်း။ သူ့လေယာဉ်ပျံကို အလွန်နိမ့်နိမ့်မောင်းသဖြင့် အောက်ကသေနတ် ကျည်ဆတ်သင့်သည်ဆို၏။ သူနှင့်အတူ စစ်သား နှစ်ယောက် သုံးယောက် ပါသွားသည်ထင်သည်။
ကျွန်မသည် ထိုသတင်းပါသော သတင်းစာကိုမဖတ်ရပါ။ အားလုံးဖြစ်ပျက်ပြီး တစ်ပတ်ခန့်ကြာမှ သင်းသင်းက ပြောမှ သိရသည်။ သင်းသင်းကပင် ကျွန်မ မသိသေးသည်ကို အံ့သြ၏။ တော်မီနှင့် ပတ်သက်တာမှန်သမျှ ကျွန်မအရင်သိရမည် လို့များ သဘောထားသလား မသိ။
''သတင်းစာထဲကော မတွေ့မိဘူးလား''သူက မေး၏။
ကျွန်မသည် သတင်းကြားရသော် အတော်စိတ်မကောင်းဖြစ်ကာ မသာဖြစ်စေလိုက်ပို့ချင်သည်။ သို့သော် အားလုံးပြီးလေပြီ။ သူ့သတင်းကိုပင် သင်းသင်း သတင်းစာမှ ဖြတ်ယူလာပြီး ပြသဖြင့် ဖတ်ရ၏။ သူ့ဓာတ်ပုံလည်းပါ၏။ ဓာတ်ပုံမှာ ကျွန်မသိသော တော်မီပုံနှင့် လုံးဝမတူပါ။ အလွတ်တွေ့လျှင် ထင်မိမည်ပင် မဟုတ်ပါ။ ဓာတ်ပုံထဲမှာ ကိုယ်ထည်ကြံ့ခိုင်၍ အသက်ကြီးရင့်ဟန်ပေါက်၏။ သည်တော့ အနည်းငယ်စိတ်ချမ်းသာ၏။ တော်မီသည် ကျွန်မ တစိုးတစိသာသိရှိသော ကျောင်းမှ ထွက်စ သူငယ်ကလေး ဟုတ်ချင်မှဟုတ်မည်ဖြစ်၏။ တော်မီ သေလွန်ခြင်းအကြောင်းကို ပြောပါဆိုလျှင် စစ်သားတစ်ဦး တိုက်ခိုက်ရင်း ကျဆုံးခြင်းဟုသာ ပြောနိုင်လိမ့်မည် ထင်၏။ အဲသည်လို ဆိုလျှင် ယခု ကျွန်မ ပြောပြနေသော တော်မီ့အကြောင်းသည် ကျွန်မပြောခဲ့သလို အသက်ငယ်ခြင်း၊ မိုက်မဲခြင်းစသည့် စကားလုံးတွေ မလိုတော့ဘဲ အလွန်ရိုးသားသလောက် အလွန်ခံ့ညားသော စစ်သားဓာတ်ပုံ တစ်ပုံသာ ဖြစ်ပေလိမ့်မည်။
သည်တော့ ကျွန်မအဖို့ တော်မီ့အကြောင်း မသိတသိနှင့်ပြောဖို့လည်း အခွင့်မရှိပါ။

သို့သော် ခင်မင်သော ယောက်ျားမိတ်ဆွေတစ်ယောက်က ပြောဖူး၏။ သူကစ ၍ ပြောခြင်း လည်း မဟုတ၊် စကားစပ်ရင်းနှင့် ကျောင်းနေစဉ်က အကြောင်းများသို့ရောက်သွား၏။ ကျွန်မက တော်မီ့နာမည်ကို ထည့်သွင်းပြောပြ၏။ ပြီးတော့ သူသေသွားပြီ ဆိုတာကိုလည်း ပြောမိ၏။ ထိုအခါမှ မိတ်ဆွေက အားလုံးသိပြီးသားလို ဖြစ်နေသည်ကို တွေ့ရ၏။ တစ်ခါက စိတ်ဝင်စားစရာသတင်းဖြစ်ခဲ့ဟန်တူသည်။သူက ပြောသည်မှာ-
"ကျွန်တော့်မိတ်ဆွေ အိမ်တစ်အိမ်မှာ တော်မီ့ဓာတ်ပုံ တွေ့ဖူးတယ်။ ကျွန်တော်က မမေးဘဲ သူတို့က လက်ညှိုးထောက်ပြပြီး ဒါ့... ကြည့် အဆက်လို့ ပြောတယ်ဗျ"
ပြီးတော့သူက အားနာဟန်နှင့်ကြည့်ပါသည်။ ဟုတ်တယ်လားရယ်လို့လည်း မေးချင်သည်။
ကျွန်မဘာမှ အဖြေမပေးပါ။ ဒါသည် မည်သူ့ကိစ္စမှ မဟုတ်ဘူးလို့ထင်သည်။ ထို့ကြောင့် ရှင်းလင်းနေစရာလည်း မလိုဘူး ဆိုရမည်။
ကျွန်မ၏မိတ်ဆွေက သူ့အကြောင်းတွေကို ပြန်ပြောပြသေး၏။ သူလည်းသည်လိုပင် ကြုံဖူးသည်။ နှစ်ခါတောင် ကြုံဖူးသည်။ ပထမဆုံးမိန်းကလေးသည်သူ့ လက်ပေါ်မှာတွင် သေဆုံးသွားသည်။ နောက်တစ်ယောက်ကိုတော့ အသက်ပင်မမီ လိုက်ချေ။
သူက ရှက်ပြုံးပြုံးနေပါသည်။ သူသည် "ကိုယ့်အတွက် စာမေးပွဲကျရတယ်၊ ဒုက္ခဖြစ်ရတယ်ဆိုတာ မခံချင်စရာမဟုတ်ပါဘူးဗျာ၊ ကျွန်တော်သာ ဒီလိုအပြောခံရရင် သိပ်ဝမ်းသာမှာ။ အဲလေ ကိုယ်က လိုလားတဲ့လူဆိုရင် ပြောတာပါ''ဟု ပြောဖူး သူတည်း။ ကျွန်မ၏ သူငယ်ချင်းမတစ်ယောက်ကို ကျွန်မက သူ
နှောင့်ယှက်လို့ စာကျက်ပျက်ရသည်ဟု ဆိုစဉ် သူငယ်ချင်းမက မခံချင်၍ တိုင်တောစဉ်က ဖြစ်သည်။
ကျွန်မ၏ စိတ်မှာတော့ ခိုးလိုးခုလု ဖြစ်ပေသည်။ တစ်ဖန် အထက်ဗမာပြည်သို့ တစ်နှစ်အလည်သွား၏။ ဟိုအိမ် သည်အိမ် လည်ရင်း ဧရာဝတီခုတ်သင်္ဘောမှ အုပ်ချုပ်သူကတော် တစ်ယောက်နှင့်တွေ့သည်။  မိန်းမက အသက်သုံးဆယ်ဆန့် မန္တလေးသူ လည်လည်ပတ်ပတ်ထဲကဖြစ်လေသည်။ သူက ကျွန်မကို ထမင်းခေါ်ကျွေး၏။စကား တွေ အစုံအစေ့မေး၏။ ကျွန်မ၌ ကြီးစွာသောစိတ်ဝင်စားခြင်းပြသည်။ ကျွန်မသည် ခုမှတွေ့ဖူးသူက သည်လိုဖြစ်သော် မနေတတ်မထိုင်တတ်ဖြစ်ကာ နှစ်မြို့လှတယ်ရယ်လို့လည်း မရှိနိုင်ဖြစ်ရ၏။
ပြီးတော့ သူက တော်မီ့အဒေါ်ဖြစ်ပါသည်ရယ်လို့ တကယ့်လျှို့ဝှက်ချက်ကြီးပမာ အရေးတကြီး ဖွင့်ချလိုက်လေသည်။
ကျွန်မကို တော်မီ့ဓာတ်ပုံတွေ ထုတ်ပြ၏။ တော်မီက သူ့ကိုဘယ်လောက် ခင်သည်ဆိုတာလည်း ပြောပြ၏။ ကျွန်မကို ဆွေလိုမျိုးလို သူက သဘောထားချင်၏။ ကြင်နာခြင်းကိုလည်း ပြ၏။ ပြီးတော့ ''သြော်..သေတာကိုတော့ ဘယ်သူမှမတားနိုင်ဘူး မတတ်သာဘူးလေ''ဟု ဆိုညည်းပါသည်။ ကျွန်မကမူ သူနှင့်ဆွေမျိုးတော်သည်ဆိုတာကို ဟုတ်ပါ့မလားဟု သံသယရှိနေသည်။ တော်မီနှင့် သိကျွမ်းခင်မင်ရုံပဲ ထင်သည်။ အကြောင်းမူကား တော်မီ ကျောင်းနေစဉ်က အကြောင်းတချို့  အချက်တွေမှာ အမှန်နှင့် မကိုက်ညီချေ။ လုပ်ကြုံမှုများရယ်လို့ ထင်စားစရာတည်း။ ပြီးတော့ သူတုံ့ဆိုင်းဟန်ကိုလည်း ဖမ်းလိုက်မိသည်။
သို့သော် ဒါတွေထက် သူက ကျွန်မကိုမြင်မြင်ချင်း ထမင်းဖိတ်ကျွေးသည့် အကြောင်းရင်းကိုသိရတာ ခိုးလိုးခုလုဖြစ်ပြန်သည်။
ကျွန်မကိုယ်နှိုက်လည်း အလိမ္မာဖက်တာကို မလုပ်ချင်တာ၊ မယုံကြည်တာ ရှိသေး၏။ တော်မီသေဆုံးစက တပ်တွင်းမှ သူ့သူငယ်ချင်းများထံ စာရေး၍မေးလိုက်၏။ တကယ်တော့ အကျိုးအကြောင်း စုံစုံစေ့စေ့သိလို၍တစ်ကြောင်း၊လူနာမည်တူများဖြစ် နေမလားရယ်လို့ သူ သေဆုံးသည်ကို မယုံကြည်လိုသဖြင့် တစ်ကြောင်း၊ သေတယ်ဆိုလျှင်လည်း ရှင်စဉ်က ကျွန်မမေ့လျော့နေခဲ့သည့်အတွက် စိတ်မသက်မသာ ဖြစ်မိသည် တစ်ကြောင်ကြောင့်ပင်။
''ကျွန်မကို လာတွေ့ပါဦး။ လူမှားတာဆိုရင်၊ တော်မီမသေဘူးဆိုရင်သူ့ကိုပါ ခေါ်ခဲ့ပါ။ တွေ့ချင်ပါတယ်'' ဟု ရေးလိုက်၏။
သည်တော့ သည့်အတွက်ပင်ပိုပြီး ကြည်ဆွတ်ကွက်ကလေး ပေါ်လေသလား မသိ။
တစ်ဖန် ကျွန်မ မမြင်ဖူးသည့် တော်မီ့နှမကလေးက ကျွန်မကိုတွေ့လိုသည့် သတင်းစကားလည်း ကြားရပြန်သေးသည်။
ကျွန်မ၏စောစာက ဖောက်၍ပြောပြသည့် ဝတ္ထုရှင် သူငယ်ချင်းမကတော့ ပြိုင်ဘက်ပေါ်သည် ထင်သလားမသိ။ သိပ်ပြီးလိုလိုချင်ချင် မရှိလှပါ။ သူက တော်မီ သေဆုံးသွားသည်ထက် တစ်ဖက်ကလှည့်၍ ကျွန်မက သူ့လို ကြိုးတစ်မျှင်ပင် မရှုပ်ခဲ့ပါသည် ရှင်ရယ်လို့ ရဲရဲပြောနိုင်မနိုင်ကို ပို၍သိချင်နေသေး၏။ ပြီးတော့ ကျွန်မ စိတ်ထိခိုက်ခြင်း ဒီဂရီကို တိုင်းထွာချင်နေ၏။ သူ သတ်မှတ်ထားသော အနီမှတ်ထက် ပိုတက်လေသလားလို့ ချိန်ဆချင်နေ၏။ ပြီးတော့ သူ့လောက်တော့ ကျေနပ်ဖွယ်မရှိဟန် သန္နိဋ္ဌာန်ချဟန် ရှိလေသည်။

ကျွန်မကမူ ထိုအဖြစ်မှာ ပူပူနွေးနွေးရှိသေးသည်တစ်ကြောင်း၊ တော်မီကျွန်မထံ တစ်ခါမျှရောက်လာပြီး လမဆိုင်းခင်အတွင်းဖြစ်ရသည်မို့တစ်ကြောင်း၊တကယ်ဆိုတော့ တော်မီ့အကြောင်းကို အထူးသဖြင့် ယခုအခါမှာ ကောင်းစွာ မသိတော့ပြီ၊ သူ့အတိမ်အနက်ကို အကဲမခတ်တတ်တော့ပြီ ဖြစ်သည်မို့ တစ်ကြောင်းကြောင့် သည်ကိစ္စကို ဘာရယ်လို့ အမည်မမှည့်တတ်ခြင်း ဖြစ်ပေ၏။
ကျွန်မအဖို့မူ ကဗျာချစ်သူပီပီ ငယ်ရွယ်သူကလေးနှစ်ယောက်၏ ကျောင်းနေစဉ်က ချစ်ခင်စုံမက်ပြီး တကွဲတပြား ကြီးရင့်လာကြကာ ပြန်လည်မနီးစပ်နိုင်သော သူစိမ်းတစ်ရံဆန် ဖြစ်သွားကြသော၊ ကြိုးစားလို့တောင် မဖြစ်နိုင်တော့သော အလွမ်းဇာတ်ကလေးကို ကလေးကို မလှလှအောင်၊ လှပြီးကို ပိုလို့လှအောင် ကာရန်ကလေးမငြိတငြိ မထိတထိနှင့် ကလိလို့ ရေးချင်လှပါသည်။ အဲသည်လိုများဆိုလျှင် ကျွန်မ၏ ဝတ္ထုသည် ကျေးငှက်သံကလေးများနှင့်လည်း ညံနေမည်။ ရှက်ပြုံးပါးနီ စသည်တို့ဖြင့်လည်း သက်တံရောင် ထွေမည်။ မရှင်းလင်းသာသော အရုပ်ဆိုးသော သံသယတွေနှင့်လည်းကင်းရှင်းမည်။ စာဖတ်သူအပေါင်းလည်း ခေါင်းတဆတ်ဆတ်နှင့် အင်မတန်ကျေနပ်ကြမည် ထင်ပါသည်။
ကျွန်မ၏ သူငယ်ချင်းမပိုင်ဝတ္ထုမျိုးကိုတော့ မလိုလားလှပါ။ တောင်ပေါ်ရောက်ပြီးမှ တောင်ပေါ်က လိမ့်ကျရတာကို ရှက်ကြောက်လို့လည်း သက်သက်မဟုတ်ပါ။ သည့်အတွက် သိကြားမင်းက သူ့သာသနာပေမို့ အားနာပါးနာနှင့် ဆင်းလို့တာဝန်ခံရှာလည်း မရေးချင်။ အကြောင်းကတော့ သည်ဝတ္ထုပုံစံကို ကြိုက်ကိုမကြိုက်လို့သာတည်း။ သည်ဝတ္ထုမျိုးသည် တကယ်စင်စစ်တော့ လူ့ဘဝ၌ဖြစ်လည်း ဖြစ်ခဲ၍၊ ဖြစ်ဖို့လည်းမကောင်းဘဲ လူ့မာနကို ထိခိုက်စရာလည်း ဖြစ်သောကြောင့်တည်း။
ထို့ပြင် ကျွန်မသည် တော်မီ၏ သူငယ်ချင်းကောင်းလည်းဖြစ်လိုသည်မှန်လေသဖြင့် နောက်ထပ်ပြောရန် ကျန်သေးသည်မှာ တော်မီသည် မသေခင် တစ်နှစ်ခန့်ကလည်း လေယာဉ်နှင့် မြေပြင်သို့ ဇွတ်ဆင်းရဖူး၏။ မြစ်ဝကျွန်းပေါ်လယ်ကွင်းများထဲသို့ ဘေးကင်းရောက်ခဲ့သည်။ သူ၏ လေယာဉ်ပျံ စက်တစ်လုံးချွတ်ယွင်းသည် ဆိုလား၊ တောင်ပံတစ်ဖက် ကျိုးသွားသည်ဆိုလား ကောင်းစွာမပြောတတ်ပါ။ သို့သော် သူ၏ကျွမ်းကျင်မှုနှင့် သတ္တိတို့ကြောင့် ဒဏ်ရာ မဖြစ်စလောက်ရရုံထက်မပိုဘဲ ချောမောခဲ့လေသည်။
အဲသည်တုန်းကလည်း သောင်းကျန်းသူတွေကို တိုက်ခိုက်ရင်းပဲ ဖြစ်ရသည်ထင်ပါသည်။
သည်တော့ တော်မီသည် စွန့်စားချင်သော သားကောင်းဖြစ်၍ စစ်သားပီပီ စစ်မြေပြင်၌ ကျဆုံးခဲ့သည်လို့ ပိုင်ပိုင်နိုင်နိုင်ဆိုရမည်ထင်လေသည်။
ဟုတ်ကဲ့၊ သူ့၌ ငယ်စဉ်က ချစ်ကြိုက်ချင်သော မိန်းကလေးတစ်ယောက်တော့် သူသူငါငါ ပမာရှိခဲ့ဖူး၏။ တစ်ယောက်မက နှစ်ယောက် သုံးယောက်မျှကိုလည်း ချစ်ကြိုက်ခဲ့ဖူးမည်။ သည်လိုဆိုလည်း ဓမ္မတာတရားမှ သွေဖယ်ခြင်းမဟုတ်ပါ။လူငယ်ဘ၀သည် လူကြီးဘ၀လိုပင် အဆင်စုံနိုင်သည်။ ပို၍ပင် ခမ်းနားနိုင်သည်။ လူငယ်ဘဝသည် လူကြီးဘဝလိုပင် အဆင်စုံနိုင်သည်။ ပို၍ပင်ခမ်းနားနိုင်သည်။ ထို့ပြင် ပို၍ပင် လှပဖို့အကြောင်းများစွာရှိလေသည်။ အကြောင်မူကား အနည်းနှင့်အများ စင်ကြယ်နိုင်သေးသောကြောင့်တည်း။ ဟန်ဆောင်ကောင်းသောကြောင့်တည်း။

ထို့ပြင် တော်မီ၌ မိတ်ဆွေကောင်းတစ်ယောက်ရှိသေး၏။ ဒါကို တော်မီကိုယ်တိုင်လည်း ရှင်စဉ်က သိခွင့်ရသလား၊ မရသလား ကျွန်မ မပြောနိုင်ပါ။ ထိုမိတ်ဆွေသည် လူတစ်ယောက်နှင့်ပေါင်းသင်းဆက်ဆံရာမှာ နာသည် သာမည်ရယ်၊ ဘယ်သူက ဘယ်သို့ ဆိုစရာရှိမည်တွေကို တွက်ချက်လိုစိတ်မရှိဘဲ၊ ဘေးဘီသို့ မကြည့်ဘဲ သူငယ်ချင်းမိတ်ဆွေဆိုသူ၏ မျက်နှာတကွက်တည်းကိုသာ မသွေမလွဲ ကြည့်ရှုသူဖြစ်သည်။ သစ္စာတရားဆိုသည်မှာ ဒါပဲရယ်လို့ သူဆိုမည်။ ထိုသစ္စာသည် သူငယ်ချင်းအပေါ်၌တွင်သာ ထားခြင်းမဟုတ်ဘဲ ကိုယ်၏လူ့ဘ၀၌ လူလာဖြစ်ခြင်းတည်းဟူသော အချက် ပေါ်၌လည်း သစ္စာရှိခြင်းဟုဆိုချင်သည်။

သိုလျှင် ကျွန်မသည် သေဆုံးသူ ကောင်းရာသုဂတိသို့လားစေ သတည်းရယ်လို့ ဆုတောင်းမည်ထက် သူမသေမီက မသေးသိမ်ခဲ့ပါရယ်လို့ ပြောခွင့်ကိုပိုယူမည်။ တော်မီကို မသေမီက၊ လူအဖြစ် အသက်ရှင်နေထိုင်ခဲ့စဉ်က ဂုဏ်ရှိခဲ့စေချင်သည် ။   


ကြည်အေး
ရှုမဝမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၁၉၅၆။

No comments:

Post a Comment